စစ်ကြောင်းရှောင်နေတဲ့ အမျိုးသား ၃ ဦး စစ်ကောင်စီအဖွဲ့နဲ့ထိပ်တိုက်တိုးလို့ အဖမ်းခံရ

စစ်ကြောင်းရှောင်နေတဲ့ အမျိုးသား ၃ ဦး စစ်ကောင်စီအဖွဲ့နဲ့ထိပ်တိုက်တိုးလို့ အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာဘက်ကို စစ်ကြောင်းလာလို့ ရွာပြင်တောတိုက်မှာ တိမ်းရှောင်နေတဲ့ အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်က အောက်တိုဘာ ၆ ရက်မနေ့က နေ့လယ် ၁၂ နာရီလောက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ငှက်ပျောတိုင်းရွာ လျှပ်စစ်မီးရုံးမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဟာ ၆ မိုင်ခန့်ဝေးတဲ့ အင်းလယ်ကြီးရွာ မြောက်ဘက်ကိုလာချိန် ရွာပြင်တောတိုက်မှာ ထမင်းစားနေတဲ့ ကိုပိုင်သက်ကျော်၊ ကိုတာဝင်း နဲ့ ကိုကျောက်စိမ်းဦး တို့ ၃ ဦးကို  ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

“ရွာသားတွေက သူတို့ရွာထဲဝင်လာမယ်ထင်ပြီး ရွာပြင်တောတိုက်တွေမှာရှောင်နေတာ။ တချို့ကလည်း တခြားနေရာတွေမှာ ရှောင်ကြတယ်။ သူတို့က ရွာထဲကိုမဝင်ဘဲ ရွာပြင်မြောက်ဘက်ကိုလာတော့ အဖမ်းခံလိုက်ရတော့တာပဲ” လို့ အင်းလယ်ကြီးရွာ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက သူတို့အထိုင်ရှိရာစခန်းထဲကို ပြန်လည်ဝင်ရောက်သွားပြီဖြစ်တဲ့အတွက် အင်းလယ်ကြီးရွာက ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေဟာ ကျေးရွာထဲကို ပြန်လည်နေထိုင်နေကြပြီလို့လည်း ဆိုပါတယ်။

“ကျနော်တို့ထပ်ကြားရတာကတော့ သူတို့ ၃ ယောက်ကို စစ်ကောင်စီတွေက သူတို့တပ်ရင်း ၆၀၀၆ အထိ ဖမ်းခေါ်သွားပြီး ပြန်လွှတ်လိုက်တယ်တဲ့။ ပြန်လွှတ်လိုက်တဲ့ ရွာသား  ၃ ယောက်ကို ငါတို့ရွာ ပျူတွေက ထပ်ဖမ်းထားတယ်လို့တော့ ကြားတယ်” လို့ သူက ဆက်ပြောပါတယ်။

ငှက်ပျောတိုင်းရွာက လျှပ်စစ်မီးရုံးမှာ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ကျန်ရှိနေသေးပြီး အထိုင်ချတပ်စွဲထားတာ ၁၀ ရက်နီးပါးရှိပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်ကလည်း ကိုးတောင်ဘို့မှာအထိုင်ချထားတဲ့ ခြေလျင်တပ်ရင်း ၁၃၇ က စစ်ကောင်စီစစ်ကြောင်းဟာ အင်းလယ်ကြီးရွာက နေအိမ် ၇၀ နီးပါးကို မီးရှို့ဖျက်ဆီးသွားသလို စိတ်ဝေဒနာရှင် ၁ ဦးဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် ကိုဝလီကို ပစ်ခတ်သတ်ဖြတ်သွားတဲ့အပြင် အသက် ၆၇ နှစ်အရွယ် ဦးဌေးမောင်ကိုလည်း လက်ပြန်ကြိုးတုပ်ပြီး မီးရှို့သတ်ဖြတ်သွားခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

 #သတင်း #စစ်ရှောင် #ဖမ်းဆီးခံရ #စစ်ကောင်စီ #ပျူစောထီး #စစ်ကိုင်းတိုင်း #ကန့်ဘလူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10