စစ်ခေါင်းဆောင်က ပစ္စတိုခါးချိတ်ပြီး လားရှိုးကို နေ့ချင်းပြန်သွား

စစ်ခေါင်းဆောင်က ပစ္စတိုခါးချိတ်ပြီး လားရှိုးကို နေ့ချင်းပြန်သွား

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီဇင်ဘာ ၁၀ ရက် မနေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လာရှိုးမြို့ရှိ စစ်ဆေးရုံနဲ့ မန်ဆူဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို သွားရောက်တွေ့ဆုံတယ်လို့ စစ်တပ်ထိန်းချုပ်မီဒီယာတွေကနေတဆင့် မနေ့ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

သွားရောက်ရာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ စစ်ဗိုလ်ချုပ်အများစုဟာ ပစ္စတိုသေနတ်ခါးချိတ်ထားတာကိုလည်း စစ်တပ်ပိုင်မီဒီယာတွေနဲ့ စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်တွေမှာ ထုတ်ပြန်လာတဲ့ဓာတ်ပုံတွေအရ တွေ့ ရပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ကိုးကန့်ဒေသအပြင် လားရှိုးမြို့နဲ့အနီးတဝိုက်မြို့တွေမှာ အောက်တိုဘာလမှစတင်ကာ လက်ရှိအထိ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ၁ လ ကျော်အကြာမှာ စစ်ခေါင်းဆောင်နဲ့အဖွဲ့က လာရောက်တာလည်းဖြစ်ပါတယ်။

လားရှိုးမြို့ကို စစ်ခေါင်းဆောင်က နေ့ချင်းပြန် သွားရောက်ခဲ့ပြီး မနေ့ညနေပိုင်းမှာပဲ ပြင်ဦးလွင်မြို့ကို ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင်ရောက်ရှိနေတဲ့ ပြင်ဦးလွင်မြို့နဲ့ နေရာအနှံ့မှာ လုံခြုံရေးတင်းကျပ်နေတာ သီတင်းပတ်တခုခန့်ရှိပြီဖြစ်ပြီး မြို့တွင်းဝင်၊ထွက်ခွင့်ကိုလည်း ပိတ်ဆို့ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ မြို့တွင်းရော မြို့ပြင်ရော လွန်လွန်ကျွံကျွံကို ချထားတာ။ ရဲတွေ ရဲတွေဆိုတာလည်း နေရာတိုင်း၊ လမ်းဆုံတိုင်းမှာ ဘယ်နေရာမှသွားလို့အဆင်မပြေဘူး ။ ခုရက်ပိုင်းမှ ကားတွေမြို့ထဲဝင်ခွင့်ရတာ။ အရင်ရက်တွေက ကားတွေအကုန် မြို့ရှောင်လမ်းကနေသွားရတာ မြို့ထဲပေးမဝင်ဘူး၊ အနီးစခန်း လောက်ကနေ စပိတ်ပစ်လိုက်တာ” လို့ ပြင်ဦးလွင်မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒီမနက်ပိုင်းမှာလည်း ပြင်ဦးလွင်မြို့အထွက် DSTA ကျောင်းမှာ ဗိုလ်သင်တန်းဆင်းပွဲပြုလုပ်နေပြီး စစ်ခေါင်းဆောင်တက်ရောက်နေတယ်လို့ ပြင်ဦးလွင်မြို့ခံတွေက ပြောပါတယ်။

#မြေလတ်အသံ

#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #လားရှိုး #စစ်ဆေးရုံ #စစ်ဘေးရှောင် #နေ့ချင်းပြန် #သွားရောက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10