စစ်ခေါင်းဆောင်ခရီးစဉ်ကြောင့် လုံခြုံရေးတင်းကြပ်ထားတဲ့မုံရွာမှာ ရွှေဆိုင်ဓားပြတိုက်ခံရ

စစ်ခေါင်းဆောင်ခရီးစဉ်ကြောင့် လုံခြုံရေးတင်းကြပ်ထားတဲ့မုံရွာမှာ ရွှေဆိုင်ဓားပြတိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့လည်ခေါင်က ရွှေဆိုင်တခု မတ်လ ၂၁ ရက် ဒီကနေ့ နေ့လယ် ၁၂ နာရီကျော်လောက်မှာ ဓားပြတိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အောင်မင်္ဂလာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ ပေါ်ဦးရွှေဆိုင်ဓားပြတိုက်ခံခဲ့ရတာဖြစ်ပြီး လက်နက်တွေကိုင်ဆောင်ထားတဲ့ အမည်မသိလူ ၅ ဦးက ကားတစီးနဲ့ရောက်ရှိလာကာ ရွှေဆိုင်အတွင်းဝင်ရောက်ဓားပြတိုက်သွားတာလို့ မုံရွာမြို့ခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။


“မတ်တူးကားနဲ့လာတာ၊ ကားနံပါတ်တော့မပါဘူး။ အဝင်အထွက် ၅ မိနစ်လောက်ပဲလုပ်တယ်ပြီးတော့ ရွှေဆိုင်ထဲက နေပြန်ထွက်သွားတယ်။ မျက်နှာတွေကိုတော့ အဝတ်နဲ့အုပ်ထားတယ်။ အသက် အရွယ်တွေက ငယ်ငယ်လေးတွေပဲ။ ပေါ်ဦးရွှေဆိုင်နားမှာ ဝိန့်စိန်ရွှေဆိုင်နဲ့ ဟောင်ကောင်ဖုန်းဆိုင်တွေလည်းရှိတယ် သူတို့ကိုတော့ ဘာမှမလုပ်သွားဘူး” လို့ ပြောပါတယ်။

မုံရွာမြို့ကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရောက်ရှိနေတဲ့ မတ်လ ၁၉ ရက်နေ့ကစလို့ ခရီးစဉ်တလျှောက် မြို့အနှံ့လုံခြုံရေးတင်းကြပ်ထားတာဖြစ်ပြီး အခုရက်ပိုင်းမှာ မြို့တွင်းစစ်ဆေးတာတွေလည်း ပိုမိုလုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပေါ်ဦးရွှေဆိုင်ဓားပြတိုက်ခံရတာကြောင့် ရွှေဆိုင်အတွင်းခင်းထားတဲ့ ရွှေထည်အားလုံးနီးပါးပါသွားတယ်လို့ ဒေသခံတွေကပြောဆိုပေမယ့် ဆုံးရှုံးမှုတန်ဖိုးကို မြေလတ်အသံအနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့နှစ်စက်တင်ဘာလထဲမှာလည်း မုံရွာမြို့လည်ခေါင် သိန်းတရာရွှေဆိုင်ဓားပြတိုက်ခံခဲ့ရပြီး ကျပ်သိန်းသုံးသောင်းကျော်ရှိတဲ့ ရွှေထည်ပစ္စည်းတွေဆုံးရှုံးသွားတယ်လို့သိရပါတယ်။

စာတည်း- ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10