စစ်ခေါင်းဆောင်တက်ရောက်တဲ့ အမျိုးသမီးဗိုလ်သင်တန်းဆင်းပွဲအင်အား ၃၀ ကျော်သာရှိပြီး စံချိန်တင်လျော့နည်းဟု တပ်အသိုင်းအဝိုင်းပြော

စစ်ခေါင်းဆောင်တက်ရောက်တဲ့ အမျိုးသမီးဗိုလ်သင်တန်းဆင်းပွဲအင်အား ၃၀ ကျော်သာရှိပြီး စံချိန်တင်လျော့နည်းဟု တပ်အသိုင်းအဝိုင်းပြော

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ဗိုလ်သင်တန်းကျောင်းမှာ ဒီဇင်ဘာ ၂၂ ရက် မနေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်သင်တန်းဆင်းပေးခဲ့တယ်လို့ စစ်တပ်ပိုင်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ မှာ ခေါ်ယူတဲ့ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းအမှတ်စဉ် ၁၀ သင်တန်းဆင်းပွဲကို တက်ရောက်ခဲ့တာဖြစ်ပြီး အဲ့ဒီဗိုလ်သင်တန်းဆင်းစစ်ရေးပြမှာ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း ၃၀ ကျော်သာ ရှိခဲ့တာကိုလည်း တွေ့ရပါတယ်။

၎င်းအမျိုးသမီးဗိုလ်သင်တန်းဆင်းပွဲမှာ  ၃ ယောက်တန်း ၇ တွဲ စစ်ရေးပြစကွက်(Squad) တခု ၂၁ ဦး ခန့်၊ အလံစောင့်အဖွဲ့ ၊ဓားကိုင် ၁၄ ဦး စုစုပေါင် ၃၅ ဦးဝန်းကျင်သာ သင်တန်းဆင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

အမျိုးသမီးဗိုလ်သင်တန်း အမှတ်စဉ် ၁၀ ဟာ စစ်အာဏာသိမ်းပြီးနောက် ၃ ကြိမ်မြောက် သင်တန်းဆင်းပွဲဖြစ်ပြီး၊ ၂၀၂၁ က အမှတ်စဉ် ၈ သင်တန်းဆင်းအင်အား ၁၀၀ ကျော်နဲ့ ယမန်နှစ် ၂၀၂၂ အမှတ်စဉ် ၉ မှာ သင်တန်းဆင်းအင်အား ၈၀ ဝန်းကျင်ရှိခဲ့လို့ ယခုနှစ်သင်တန်းဆင်းပွဲဟာ စံချိန်တင်နည်းပါးတယ်လို့ တပ်အသိုင်းအဝိုင်းက ပြောပါတယ်။

စစ်အာဏာမသိမ်းမီနှစ်တွေမှာ ဘွဲ့ရအမျိုးသမီးဗိုလ်သင်တန်းကို တပ်မိသားစုအသိုင်းအဝိုင်းအပြင် ပြင်ပမှ လျှောက်ထားသူတွေပါ နှစ်စဉ်ထောင်နဲ့ချီရှိခဲ့သလို နှစ်စဉ်သင်တန်းဆင်းအင်အား ၂၀၀ နဲ့ အထက်မှာရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် လျှောက်ထားသူ သိသိသာသာနည်းပါးလာတာလို့ CDM တပ်မတော်သားတဦးက ပြောပါတယ်။

“ အရင်က ဘွဲ့ရအမျိုးသမီးဗိုလ်သင်တန်းဆို ဆရာဝန်တွေပါလုလျှောက်ကြတာ။ အပြင်ကလည်း လျှောက်ကြတာတွေများပေမယ့် တပ်မိသားစုဝင်တွေကိုပဲ အဓိကရွေးခေါ်တာ။ အခုနောက်ပိုင်း တပ်မိသားစုအသိုင်းအဝိုင်းပါ မလျှောက်ကြတော့တာမျိုး။ အခုဟာက နောက်က စစ်တီးဝိုင်းက လူပိုများနေတယ် “ လို့ သူက ပြောပါတယ်။

ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းကို ၂၀၁၄ ခုနှစ်က စတင်ခေါ်ယူခဲ့ကာ လျှောက်ထားသူတွေအနေနဲ့ အသက် ၂၅ နှစ်အောက်၊ မဟာနဲ့ပါရဂူဘွဲ့ရ အမျိုးသမီးများအတွက် ၃၀ နှစ်အောက် သတ်မှတ်ထားတာဖြစ်ပြီး သင်တန်းကာလ ၁ နှစ် ဖြစ်တယ်လို့သိရပါတယ်။

ဒီကနေ့ သင်တန်းဆင်းပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သင်တန်းဆင်းအမျိုးသမီးဗိုလ်လောင်း တွေကို “ တပ်မတော်ရဲ့ သမိုင်းကြောင်းနဲ့ အစဉ် အလာကောင်းတွေကို လေ့လာပြီး အသက်ပေးထိန်း သိမ်းကြဖို လေးလေးနက်နက်မှာကြားလိုကြောင်း” ဆိုကာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

#မြေလတ်အသံ

#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #အမျိုးသမီး #ဗိုလ်သင်တန်း #သင်တန်းဆင်းအင်အား #စံချိန်တင် #လျော့နည်းမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10