သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
အရင်က ဗိုလ်ချုပ်ကြီးတွေ ဝန်းရံပြီး ခရီးသွားရလေ့ရှိတဲ့ စစ်ကောင်စီဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကို လာရောက်တဲ့ခရီးစဉ်မှာ နောက်လိုက် ဗိုလ်ချုပ် ၂ ဦးလောက်သာ နေပြည်တော်ကနေပါလာပြီး နယ်မြေခံနမခတိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နဲ့မှ သူရဲ့နောက်ရံက ဗိုလ်ချုပ် ၃ ဦးကိုသာ တွေ့ရပါတယ်။
စစ်ကောင်စီတပ် ဒုတိယတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဟာ အဲဒီ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ခရီးစဉ်မှာ သူ့ရဲ့လက်အောက် စစ်ကိုင်းတိုင်းစစ်ကောင်စီအစိုးရအဖွဲ့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ခရီးစဉ်တလျှောက်လှုပ်ရှားမှုတွေအတွင်း သူ့မှာ လက်ငါးချောင်းမပြည့်တဲ့ စစ်ဗိုလ်ချုပ်အရေအတွက်နဲ့ ခြောက်ကပ်ကပ်ဖြစ်နေတာပါ။
အရင်က ဒုတပ်ချုပ်ခရီးစဉ်တွေမှာ စစ်ဘက်အဆင့်မြင့်အရာရှိကြီးတွေဖြစ်တဲ့ နေပြည်တော်စစ်ရုံးက အနိမ့်ဆုံး သက်ဆိုင်ရာနယ်မြေအလိုက် ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအဆင့် လိုက်ပါရတဲ့အပြင် ဗိုလ်ချုပ်ကြီးအဆင့်တွေဖြစ်တဲ့ ညှိကွပ်(ကြည်း/ရေ/လေ)၊ ရေတပ်ချုပ်၊ လေတပ်ချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်တွေဖြစ်တဲ့ စစ်ရေးချုပ်၊ စစ်ထောက်ချုပ် စတဲ့ အရာရှိချုပ်အများအပြား ဝန်းရံလိုက်ပါရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလအတွင်း သွားရောက်ခဲ့တဲ့ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နဲ့ ရန်ကုန်မြို့ ဒုတပ်ချုပ်ခရီးစဉ်တွေမှာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ရေ/လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ယင်းကာလက ရေတပ်ချုပ်တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီး မိုးအောင် စတဲ့ဗိုလ်ချုပ်ကြီးတွေအပါအဝင် နေပြည်တော်စစ်ရုံးက ဗိုလ်ချုပ်ကြီး၊ ဒုဗိုလ်ချုပ်ကြီး ၁၀ ဦးထက်မနည်း ဝန်းရံလိုက်ပါလာတာလည်း ဖြစ်ပါတယ်။
ဒုတပ်ချုပ် စိုးဝင်း တိုက်ခိုက်ခံရပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ ပြီးခဲ့တဲ့ ဧပြီလအတွင်းက မော်လမြိုင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)ကို လာရောက်စဉ်မှာပင် ကစထ ၄ မှူး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနဲ့ စစ်ဗိုလ်ချုပ်ကြီးအများအပြားကို တွေ့ရပါတယ်။
အဲဒီခရီးစဉ်တွေမှာ လိုက်ပါနေကျ ဗိုလ်ချုပ်ကြီး၊ ဒုဗိုလ်ချုပ်ကြီးတွေဟာ ဒုစစ်ခေါင်းဆောင် စိုးဝင်း နောက်ဆုံးမုံရွာ ခရီးစဉ်ကာလမှာတော့ လိုက်ပါလာခြင်းမရှိဘဲ နေပြည်တော် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အတူ ပူးတွဲတက်ရောက်ကြည့်ရှုနေတာကို တွေ့ရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကတော့ သူသွားလေရာခရီးစဉ်တွေမှာ လှည်းနေလှေအောင်းမြင်းဇောင်းမချန် ဘုရားပွဲလှည့်သလို နေပြည်တော်က ရှိသမျှ ဗိုလ်ချုပ်၊ ဗိုလ်ချုပ်ကြီးတွေကို အားလုံးနီးပါးခေါ်ပြီး သွားလာနေတာပါ။
ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်မှာ စစ်ခေါင်းဆောင်က သူအထူးယုံကြည်စိတ်ချရသူ ဒုတိယဗိုလ်ချုပ်ကြီးတွေဖြစ်ကြတဲ့ အောင်လင်းဒွေး၊ ရဲဝင်းဦးနဲ့ ညိုစော တို့ကို ဒုတိယဗိုလ်ချုပ်မှူးကြီးအဆင့်နဲ့ တဆင့်သာကွာတော့တဲ့ ဗိုလ်ချုပ်ကြီးအဆင့်ကို ရာထူးတိုးမြှင့်ပေးခဲ့ပါတယ်။
မူလက ဗိုလ်ချုပ်ကြီးတွေဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ မိုးအောင်၊ တင်အောင်ဆန်း၊ မောင်မောင်အေး၊ ထွန်းအောင်တို့ ၅ ဦး အပြင် အထက်ပါ ၃ ဦးကိုပါ ဗိုလ်ချုပ်ကြီးအဆင့်တိုးပေးလိုက်လို့ ဗိုလ်ချုပ်ကြီး ၈ ဦးအထိ ရှိသွားခဲ့ကာ လက်ရှိရေတပ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းဟာလည်း သတ်မှတ်ကာလပြည့်ပါက ဗိုလ်ချုပ်ကြီးအဆင့်ကို ရရှိမှာဖြစ်တဲ့အတွက် နေပြည်တော်မှာ ဗိုလ်ချုပ်ကြီး ၉ ဦးအထိ ရှိလာတာလည်း ဖြစ်ပါတယ်။
အဲ့ဒီလို ဒုတိယဗိုလ်ချုပ်ကြီး ၃ ဦး ရာထူးတိုးမြှင့်ခံရပြီးတဲ့နောက် ဩဂုတ်လနောက်ဆုံးပတ်အတွင်းမှာ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အဆောင်(ရုံးအမှတ်) ၁ ရှိ စစ်ဘက်ရုံးခန်းနေရာနဲ့ သမ္မတအိမ်တော်ရှိ စစ်ကောင်စီဒုဥက္ကဌ ရုံးခန်းနေရာတို့ တပြိုင်နက်တည်း ပြောင်းရွှေ့ခံရတယ်လို့ နေပြည်တော်ကသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး ဧရာဝတီက ဖော်ပြပါတယ်။
စစ်ခေါင်းဆောင်က သူ့ရဲ့လူယုံ ဒုတိယဗိုလ်ချုပ်ကြီးတွေကို ဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ပေးပြီးတဲ့ တချိန်တည်းမှာ ဒုစစ်ခေါင်းဆောင်ကို ရုံးခန်းနေရာပြောင်းရွှေ့စေတာတွေဟာ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ အခန်းကဏ္ဍကိုလျှော့ချလိုပြီး လူယုံဗိုလ်ချုပ်ကြီးတွေကို လုပ်ပိုင်ခွင့်ပိုမိုပေးလိုတာကြောင့်လားဆိုတာလည်း မေးခွန်းထုတ်လာစရာ ဖြစ်လာပါတယ်။
ဒါ့အပြင် နိုင်ငံတကာပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG)ရဲ့ အောက်တိုဘာ ၂၁ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ခေါင်းဆောင်မှုအပေါ် စစ်ကောင်စီတပ်အတွင်းမှာ မကျေနပ်မှုတွေနဲ့ သဘောထားကွဲလွဲမှုတွေ ပိုမိုကြီးထွားလာနေပြီး ထိပ်ပိုင်းစစ်တပ်အရာရှိကြီးတွေက စစ်ခေါင်းဆောင်ကို ရာထူးကနေ ဖြုတ်ချနိုင်ဖို့ ကြိုးပမ်းမှုတွေရှိလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးတွေဟာ သိသာတဲ့အလှည့်အပြောင်းတခုဖြစ်ခဲ့ပြီး စစ်ဆင်ရေးရလဒ်အနေနဲ့ စစ်ကောင်စီဟာ အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရတဲ့အထိ အရှုံးတွေနဲ့ရင်ဆိုင်ခဲ့ရကာ လက်ရှိ စစ်ခေါင်းဆောင်ဦးဆောင်တဲ့ အစိုးရအနေနဲ့ ဘယ်လောက်ကြာကြာတောင့်ခံသွားနိုင်မလဲ မေးခွန်းထုတ်စရာဖြစ်လာတယ်လို့ ICG အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာထိပ်တန်းအကြံပေး ရစ်ချက်ဟိုဆေး က ဆိုပါတယ်။
ရှမ်းမြောက်နဲ့ မန္တလေးတိုင်းက တိုင်းစစ်ဌာနချုပ် အပါအဝင် နယ်မြေတပ်စခန်း အများစုဆုံးရှုံးလိုက်ရတဲ့အပြင် စစ်ဗိုလ်ချုပ်အများအပြားကိုပါ ဖမ်းဆီးအရေးယူမှုတွေကြောင့် စစ်ကောင်စီတပ်အတွင်း စစ်ရှုံးစစ်ခေါင်းဆောင်အပေါ် မကျေနပ်မှုတွေ ပိုမိုမြင့်တက်လာတာလို့ ICG ကဆိုပါတယ်။
အခုနှစ် ဇန်နဝါရီ ၁၆ ရက်ကပြုလုပ်တဲ့ ပြင်ဦးလွင်မြို့ တပ်ထောက်ခံပွဲတခုမှာ ပေါက်ကိုယ်တော်လို့ လူသိများတဲ့ မဘသဘုန်းကြီး ဦးအရိယာဝံသက တပ်ချုပ်နေရာကို ဒုစစ်ခေါင်းဆောင် စိုးဝင်းထံ လွှဲပြောင်းပေးဖို့ အခုလို ထည့်သွင်းဟောပြောခဲ့ပါတယ်။
‘’အရှင်ဘုရားကလည်း ဒါဆို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဘယ်သူက ယူမှာလဲ။ ပေါက်ကိုယ်တော် ရင်ထဲကလာတဲ့စကားကိုပြောမယ်နော်။ ဒုချုပ်ဗိုလ်ချုပ်စိုးဝင်းရှိတယ်လေဗျာ။ မျက်နှာအနေအထားကို ကြည့်လိုက်။ စစ်သားမပီသဘူးလား။ လုပ်ပုံကိုင်ပုံကိုကြည့်လိုက် မကြိုက်ဘူးလား။’’ လို့ ပေါက်ကိုယ်တော်က ဟောပြောခဲ့တာပါ။
အဲ့ဒီဟောပြောမှုကို တပ်ထောက်ခံပွဲကိုလာရောက်တဲ့ စင်အောက်ရှိ စစ်တပ်ထောက်ခံသူအများအပြားကလည်း လက်ခုပ်လက်ဝါးတွေတီး အားပေးခဲ့ကြကာ ဒီဟောပြောချက်ရုပ်သံဟာလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။
အဲ့ဒီပြောဆိုမှုနဲ့ပတ်သက်လို့ ယင်းကာလမှာ ရှမ်းမြောက်က နယ်မြေနဲ့တပ်ရင်းတွေ ဆုံးရှုံးမှုအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုများပြားနေတာကြောင့် တပ်တွင်းမိသားစုတွေအကြား ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အတွက် ပိုပြီးအကြပ်ရိုက်စေခဲ့တာပါ။
အဲ့ဒီပြောဆိုမှုတွေ ဖြစ်ပေါ်ပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ဧပြီလအတွင်းဖြစ်ပွားခဲ့တဲ့ မြဝတီမြို့သိမ်းတိုက်ပွဲတွေမှာ ဒုစစ်ခေါင်းဆောင် စိုးဝင်း ကို နေပြည်တော်ကနေ မော်လမြိုင်၊ ရတခအထိ ရက်ရှည် အနီးကပ်သွားရောက်ကွပ်ကဲခိုင်းတာတွေကိုလည်း တွေ့ရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ DSA အပတ်စဉ် ၁၉၊ ဒုချုပ် စိုးဝင်းဟာ အပတ်စဉ် ၂၂ က ဖြစ်တာကြောင့် စစ်ခေါင်းဆောင် ၂ ယောက်အကြားမှာ စစ်တက္ကသိုလ်အပတ်စဉ် ၃ ခုသာ ကွာခြားတာဖြစ်ပြီး ဒုတပ်ချုပ် စိုးဝင်း ဟာ စစ်သားပီသတယ်၊ ပြတ်ပြတ်သားသား လုပ်ဆောင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ထောက်ခံအားပေးမှုတွေဟာ မူလကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြားမှာ ကိန်းအောင်းနေတာကြောင့် စစ်ခေါင်းဆောင်အနေနဲ့ သူ့ရဲ့ အာဏာမလျော့ကျရေး ဒုစစ်ခေါင်းဆောင်အပေါ် လက်ပိုက်ကြည့်နေမှာမဟုတ်ဘဲ စောင့်ကြည့်ထိန်းချုပ်မှုတွေ လုပ်ဆောင်မှာဖြစ်တယ်လို့ CDM တပ်မတော်သားအသိုင်းအဝိုင်းကလည်း သုံးသပ်ပြောဆိုပါတယ်။
စစ်ကောင်စီဥက္ကဌဟာ စစ်ကောင်စီနဲ့ စစ်ဘက်ရာထူးတွေမှာ ဗိုလ်ချုပ်ကြီး ၉ ဦးအထိထားပြီး ရာထူးလုပ်ပိုင်ခွင့်တွေ တိုးပေးတာ၊ ဒုချုပ်စိုးဝင်းရဲ့ ရုံးခန်းနေရာပြောင်းရွှေ့စေတာနဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်း က တော်လှန်ရေးတပ်တွေလှုပ်ရှားမှုအားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကို ဗိုလ်ချုပ်အနည်းငယ်နဲ့ သွားရောက်နေရချိန်မှာ စစ်ကောင်စီမှာ အဓိက ရာထူး၊ နေရာတွေကိုယူထားကြတဲ့ ဗိုလ်ချုပ်ကြီး၊ ဒုဗိုလ်ချုပ်ကြီးအားလုံးနီးပါးဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ ဆို၊က၊ရေး၊တီး ပြိုင်ပွဲကို အေးအေးဆေးဆေး ကြည့်ရှုနေတာတွေဟာ ဒုစစ်ခေါင်းဆောင်ရဲ့ အခန်းကဏ္ဍတွေကို လျှော့ချလိုတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရဲ့ စိုးရိမ်ချက်တွေကို ပိုမိုမြင်သာထင်သာဖြစ်နေစေတာလည်း ဖြစ်ပါတယ်။
#မြေလတ်အသံ
#မင်းအောင်လှိုင် #စိုးဝင်း #တပ်ချုပ် #ဒုတပ်ချုပ် #ဆောင်းပါး
Share Share Share