စစ်ဆေးရေးလုပ်နေတဲ့ စစ်သားတွေကပစ်ခတ်လို့ အမျိုးသား ၁ ဦးသေဆုံး

စစ်ဆေးရေးလုပ်နေတဲ့ စစ်သားတွေကပစ်ခတ်လို့ အမျိုးသား ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပြည်သူ့ဆေးရုံကြီးအရှေ့မှာ ဂိတ်ဖွင့်ပြီး စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်တဲ့အတွက် အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

ဒီဇင်ဘာ ၂၇ ရက်မနေ့ကမနက် ၇ နာရီလောက်မှာ ကန်ပုလဲရွာကနေ ကလေးမြို့ပေါ်ကိုစျေးလာဝယ်တဲ့ ကိုအောင်စိုး ဆိုသူကို စစ်သားတွေက စစ်ဆေးဖို့တားဆီးစဥ် ဆိုင်ကယ်ရပ်မပေးဘဲ မောင်းသွားတဲ့ အတွက် ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေက အနီးဝန်းကျင်တွေကိုလည်း ပစ်ခတ်တာကြောင့် ကျောက်တိုက်ကျေးရွာက မဘုတ်အီးဆိုသူနဲ့ ၆ နှစ်အရွယ် ကလေးတဦးလည်း ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။ 

“သူတို့ (စကစ) အော်ပြောတာကိုမကြားလို့ ဆိုင်ကယ်မောင်းထွက်သွားတာ။ အဲ့ဒါကို လိုက်ပစ်တာ။ မဘုတ်အီးကတော့ စိုးရိမ်ရတဲ့အခြေနေရှိတယ်။ သူ့ကိုစစ်ဆေးရုံကို ခေါ်သွားတယ်။ ကလေးတယောက် ကတော့ သူ့လက်မောင်းကနေ ပြုတ်ထွက်သွားတာ” လို့ ကလေးမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ဆေးရုံကိုပို့ထားပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။ 

အဲ့ဒီစစ်ကောင်စီတပ်တွေဟာ တနေရာတည်းမှာအထိုင်ချတပ်စွဲတာမျိုးမလုပ်ဘဲ လူအများသွားလာတဲ့ နေရာမျိုးတွေမှာ ဂိတ်ချစစ်ဆေးတာမျိုးလုပ်ပြီး ဒီဇင်ဘာ ၂၈ ရက်ဒီမနက်မှာတော့ ကားတစီးနဲ့ ကလေးမြို့ထဲကိုလှည့်ပတ်နေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်ကလည်း ကလေးမြို့တောင်ပိုင်း၊ ကြံတာရွာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ တင်သားရွာထဲကိုကျရောက်သွားပြီး အဲ့ဒီရွာက ပြည်သူ ၄ ဦးကို ထိမှန်ခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #အမျိုးသား #ပစ်ခတ်ခံရ #စစ်ကောင်စီ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10