စစ်တပ်က စစ်ကြောင်းထိုးပစ်ခတ်လို့ စိတ်ကျန်းမာရေးမကောင်းသူ ၁ ဦးအပါ ၂ ဦးသေဆုံး

စစ်တပ်က စစ်ကြောင်းထိုးပစ်ခတ်လို့ စိတ်ကျန်းမာရေးမကောင်းသူ ၁ ဦးအပါ ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အုန်းပေါက်ရွာကို စစ်ကောင်စီစစ်တပ်သားတွေက စစ်ကြောင်းထိုးဝင်ရောက်ကာ ပစ်ခတ်မှုတွေလုပ်တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်မြောင်းနဲ့ ရွှေဘိုကနေထွက်လာတဲ့ အင်အား ၅၀ ပါစစ်ကြောင်း ၂ ကြောင်းဟာ ဇူလိုင် ၂၃ ရက် မနေ့ကမနက် ၅ နာရီလောက်မှာ စတင်ဝင်ရောက်လောက်ပြီးနောက် မနက် ၁၀ နာရီလောက်မှာ အသက် ၄၀ အရွယ် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသား ၁ ဦးကို ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။  

“ဝင်လာတဲ့အချိန်တုန်းက လက်နက်ပစ်ခတ်တာမရှိဘူး။ အပျောက်ဝင်တာ၊ ရွာထဲရောက်မှပစ်တာ။ ရွာထဲက စိတ်မနှံ့တဲ့ အမျိုးသား ၁ ယောက်ကို ဦးခေါင်းကို ပစ်သတ်သွားတာ။ သူက စိတ်မနှံ့တဲ့သူဆိုတော့ လမ်းဘေးမှာပဲနေ လမ်းဘေးမှာပဲအိပ်တာ” လို့ ရွှေဘိုဒေသခံတဦးက ပြောပါတယ်။

အသတ်ခံရသူရဲ့ အလောင်းကိုတော့ ဒေသခံတွေက မနေ့ညနေမှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ကျေးရွာအတွင်း ပစ်ခတ်မှုတွေပြီးတဲ့နောက် စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံအမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး မြစ်ကြီးနားလမ်းခွဲအရောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။ 

“သူတို့ ၃ ယောက်က ရွာထဲမှာနေရင်း မိတာပါ။ ရွာထဲက တော်တော်များများက သူတို့(စစ်ကောင်စီ)လာပြီဆိုရင် အိမ်ပေါက်တွေပိတ်ပြီး ပုန်းနေကြတာမျိုးပဲရှိတယ်။ ပြေးတဲ့သူကနည်းတယ်၊ သုံးပုံ ပုံ တပုံ လောက်ပဲပြေးတာ။ ကျန်တာတွေက မပြေးဘူး” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ အုန်းပေါက်ရွာထဲမှာရှိနေချိန် ရွာနဲ့ ၁ မိုင်လောက်ဝေးတဲ့ မောင်းတက်ရွာဘက်ကိုလည်း လက်နက်ကြီး ၆ လုံးထက်မနည်း ပစ်ခတ်ခဲ့လို့ အမျိုးသမီး ၁ ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး ၅ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ဒါ့အပြင် စစ်ကြောင်းရွာကထွက်ချိန် နေ့လယ် ၁၂ နာရီလောက်မှာ အုန်းပေါက်ကျေးရွာအနီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း အပြန်အလှန်ပစ်မှုတွေ ဖြစ်ခဲ့ကာ ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးပါဘူး။ 

အုန်းပေါက်ကျေးရွာအပါအဝင် မောင်းတက်၊ ကိုးပင်၊ တည်ပင်ရွာတို့ကို စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ကာ ပစ်ခတ်တာတွေလုပ်တဲ့အတွက် အဲ့ဒီကျေးရွာတွေက ဒေသခံ ၁၀ ဦးဝန်းကျင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပုံစာ - ရွှေဘိုမြို့နယ်၊ အုန်းပေါက်ကျေးရွာ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #စစ်ကောင်စီ #ပစ်ခတ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10