စစ်တပ်က တပ်စွဲထားလို့ ထွက်ပြေးသွားကြတဲ့ ရွာခံတွေရဲ့ လယ်ယာသုံးစက်ပစ္စည်းတွေကို စစ်တပ်က ခိုးယူသွား

စစ်တပ်က တပ်စွဲထားလို့ ထွက်ပြေးသွားကြတဲ့ ရွာခံတွေရဲ့ လယ်ယာသုံးစက်ပစ္စည်းတွေကို စစ်တပ်က ခိုးယူသွား

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်အရှေ့ဘက်မှာ  စစ်တပ်က ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ပြီး ရွာအတွင်းတပ်စွဲထားလို့ ထွက်ပြေးသွားရတဲ့ ဒေသခံတွေရဲ့ပစ္စည်းတွေကို စစ်အုပ်စုကခိုးယူခဲ့တယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံ ရဲဘော် ကိုကို‌အောင် က ပြောပါတယ်။

လက်ပံတန်းမြို့နယ်၊ ရန်ကုန်- ပြည်ကားလမ်းနဲ့  ၆ မိုင်အကွာလောက်က ရေငံရွာ၊ အုတ်ဖိုစုရွာနဲ့ ထန်းပင်ချောင်ရွာက စပါးရိတ်ခြွေစက်၊ လယ်ထွန်စက်၊ လုပ်ငန်းသုံး ပုဇဉ်းခေါင်းကား၊ ရေစုပ်စက်၊ သုံးဘီးဘေးတွဲဆိုင်ကယ်နဲ့ ဆိုင်ကယ် ၁ စီး၊ ဓါတ်မြေဩဇာအိတ်တွေနဲ့ ရေခဲသေတ္တာ ၁ လုံးအပြင် အခြားအိမ်သုံးပစ္စည်းတွေအပါ စုစုပေါင်း ကျပ်သိန်း ၁,၀၀၀ ဝန်းကျင်လောက်ကို အင်အား ၅၀ လောက်က ခိုးယူခဲ့တာလို့ ပြောပါတယ်။ 

“ခိုးသွားတဲ့ ပစ္စည်းတန်ဖိုးကတော့ သိန်းတထောင်ကျော်မယ်။ အိမ်သုံးပစ္စည်းတွေကိုလည်း သာယာဝတီမှာ ရောင်းတယ်လို့ သတင်းကြားတယ်။“ လို့  ဝာာဝန်ခံရဲဘော်ကိုကိုအောင်က ပြောပါတယ်။

အဲ့ဒီရွာက ပစ္စည်းတွေကို ဩဂုတ် ၂၈ ရက်ကနေ စက်တင်ဘာ ၄ ရက် မနေ့ကအထိ ခိုးယူခဲ့တာဖြစ်ကာ စပါးရိတ်ခြွေစက် ၁ စီး၊ လယ်ထွန်စက်၂ စီး ၊ ပုဇဉ်းခေါင်းကား၁ စီးတို့ကို မောင်းယူသွားပြီး  ဓါတ်မြေဩဇာနဲ့ အခြားပစ္စည်းတွေကိုတော့ ကားနဲ့သယ်သွားတယ်လို့ သူကဆက်ပြောပါတယ်။ 

ဒေသခံတဦးကလည်း “ရေငံရွာမှာ  စစ်တပ်က တပ်စွဲထား‌‌တဲ့အတွက် ကျေးရွာအတွင်းမှာလည်း သူတို့(စစ်အုပ်စု)နဲ့ ပတ်သက်သူလောက်ပဲနေကြသလို အုတ်ဖိုစုနဲ့ ထန်းပင်ချောင်ရွာတွေမှာလည်း ပြည်သူတွေ မနေကြတော့ စစ်တပ်က ထင်တိုင်းကြဲတာ‌ပေါ့။” လို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်ဟာ ရေငံရွာက နေအိမ် ၁၀၀ နဲ့ အုတ်ဖိုစုရွာက နေအိမ် ၁၀၀ ဝန်းကျင် စုစုပေါင်း နေအိမ် ၂၀၀ ခန့်ကို ဩဂုတ် ၂၇ ရက်ညက မီးရှို့ပြီး အဲဒီရွာမှာတပ်စွဲကာ တပ်မ ၂၂၊ ရဲတပ်ရင်း ၁၀ နဲ့ ပျူစောထီးတွေပါ အင်အား ၅၀ လောက်နဲ့ စက်တင်ဘာ ၅ ရက် ဒီနေ့အထိ တပ်စွဲထားသလို ရေငံရွာနဲ့  ၇ မိုင်ဝန်းကျင်အကွာက ပုဂံတောင်မှာလည်း စစ်ကောင်စီတပ်ဟာ  အင်အား ၅၀ ဦးခန့်နဲ့ တပ်စွဲနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၁၁ ရက်ညကလည်း  စစ်ကောင်စီတပ်ဟာ လက်ပံတန်းမြို့နယ်၊ ရန်ကုန် - ပြည်လမ်းနဲ့ ၁ မိုင်ကျော်ခန့်မှာရှိတဲ့ ဆင်တလင်းရွာက နေအိမ် ၂ လုံးကို အကြောင်းမဲ့ မီးရှို့ခဲ့ပါသေးတယ်။

အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာလနောက်ဆုံးပတ် ရက်တွေကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ် ပဲခူးရိုးမအစပ်ရှိ ညောင်လေးပင်၊ ကွေ့ကြီးစတဲ့ ကျေးရွာတွေက လူနေအိမ်တွေ စစ်ရှောင်တဲတွေနဲ့  ဝမ်းစာစပါးတွေကိုလည်း  စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ  မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံအမျိုးသား ၇ ဦးကိုလည်း မီးရှို့သတ်ခဲ့ကြပါသေးတယ်။ 

ပုံစာ - ရေငံရွာနှင့်အုတ်ဖိုစုရွာမှ နေအိမ်များကို ဩဂုတ် ၂၇ ရက်ညက စစ်ကောင်စီတပ် မီးရှို့နေစဉ်။

စာတည်း- ဈာန်မြင့်

#မြေလတ်အသံ

#ပဲခူး #လက်ပံတန်း #စစ်တပ် #ပြည်သူပိုင် #ခိုးယူ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10