စစ်တပ်ကပစ်တဲ့လက်နက်ကြီးကျည် အိမ်ပေါ်ကျလို့ ကလေးငယ်အပါ မိသားစု ၃ ဦးဒဏ်ရာရ

စစ်တပ်ကပစ်တဲ့လက်နက်ကြီးကျည် အိမ်ပေါ်ကျလို့ ကလေးငယ်အပါ မိသားစု ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြောင်းမဲ့ပစ်ခတ်တာကြောင့် အသက် ၄ နှစ်အရွယ်ကလေးငယ်အပါ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၃ ရက်ည ၁၀ နာရီလောက်မှာ ခလရ ၈၄ (ဆွာ) တပ်က ၁၂၀ မမလက်နက်ကြီး ၃ ချက် ရမ်းသမ်းပစ်ခတ်ရာက ဒေါင့်အင်းကုန်းအုပ်စု၊ ဒေါင့်အင်းကုန်းရွာက နေအိမ် ၂ လုံးနဲ့ ဂွေးသဲကျေးရွာက နေအိမ် ၁ လုံးကို ထိမှန်ခဲ့တာလို့ ဆိုပါတယ်။ 

"ဒေါင့်အင်းကုန်းရွာက ကိုအောင်ထွန်းဝင်း အိမ်ပေါ်ကိုကျပြီး သူ့အမျိုးသမီးရယ် သူ့သမီးတယောက်ရယ် အငယ်ဆုံးသားလေးရယ်ကို လက်နက်ကြီးကျည်စမှန်တာ အခု ဆွာဆေးရုံကိုပို့ထားတယ် အသက်အန္တရာယ်တော့မစိုးရိမ်ရဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

အခြားနေအိမ် ၂ လုံးပေါ်ကို လက်နက်ကြီး ကျည်စထိမှန်ခဲ့ပေမယ့် အဲဒီအိမ်တွေဟာ လူမနေကြဘူးလို့  သူကဆက်ပြောပါတယ်။

ကိုအောင်ထွန်းဝင်းရဲ့ အမျိုးသမီးမမလေး(အသက် ၄၀ အရွယ်ခန့်)မှာ ဗိုက်နဲ့ညာဘက်တံတောင်အောက်၊ အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူ မယမင်းမှာ ပေါင်နဲ့ဒူးအောက်၊ အသက် ၄ နှစ်အရွယ် မောင်သုတဇော်မှာ ဘယ်ဘက်လက်ပြင်တို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဒေါင့်အင်းကုန်းရွာနဲ့ ဂွေးသဲရွာဝန်းကျင်တို့မှာ စစ်ကောင်စီတပ်က မြေပြင်လှုပ်ရှားမူတွေ ပြုလုပ်နေတယ်လို့ လည်းပြောပါတယ်။

ဇွန်လ ၃ ရက် အဲဒီညနေ ၃ နာရီမှာပဲ ရေတာရှည်မြို့နယ် ဘုရားလေးကုန်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ သံတောင်မြောက်ပိုင်း(အထူးဒေသ)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃၊ တပ်ခွဲ ၄ ၊ တပ်ခွဲ ၆ တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ၂ နာရီကြာ ဖြစ်ပွားခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ ပဲခူးရိုးမအရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို နေ့စဥ်ဆိုသလို စစ်ကြောင်းထိုးနေပြီး ပြီးခဲ့တဲ့ဇွန်လ ၃ ရက်နေ့ကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းကို ပေါင်းတည် PDF က ခြုံခိုတိုက်ခိုက်ခဲ့လို့စစ်သား ၁ ဦးသေကာ ၁ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

 

စာတည်း - 007

#မြေလတ်အသံ

#ပဲခူးတိုင်း #ရေတာရှည် #လက်နက်ကြီးပစ်ခတ်မှု #စစ်ကောင်စီ #ကလေးသူငယ် #ထိခိုက်ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10