စစ်တပ်က မီးရှို့ခဲ့တဲ့ မြောင်မြို့နယ်က ရွာ ၂ ရွာကို စားသောက်ကုန်တွေထောက်ပံ့

စစ်တပ်က မီးရှို့ခဲ့တဲ့ မြောင်မြို့နယ်က ရွာ ၂ ရွာကို စားသောက်ကုန်တွေထောက်ပံ့

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲမှာ စစ်ကောင်စီ မီးရှို့ခဲ့တဲ့ကျေးရွာ ၂ ရွာက ဒေသခံပြည်သူတွေကို ဩဂုတ် ၆ ရက် မနေ့ နေ့လယ်ပိုင်းမှာ ဆန်၊ ဆီနဲ့ စားသောက်ကုန်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ ကမ်းလက်လေးများ ပရဟိတအဖွဲ့ခေါင်းဆောင် ကိုဂျိုးဂျိုးလေးဆီက သိရပါတယ်။

ရွှေပေါက်ပင်ရွာက အိမ်ထောင်စု ၁၁၄ စုကို တအိမ်ထောင်လျှင် ဆန် ၄ ပြည်၊ ဆီ ၅၀ ကျပ်သား ဟင်းချိုမှုန့် ၂၅ ကျပ်သား၊ အသားတု ၅၀ ကျပ်သားနဲ့ အခြားတရွာက မီးဘေးသင့်အိမ်ထောင်စု ၂၀ အတွက် ဆန် ၂၄ ပြည်ဝင် ၃ အိတ်၊ ဆီ ၁၀ ပိဿာ၊ အသားတုပိဿာ ၂၀၊ ဆား ၁၀ ပိဿာနဲ့ အချိုမှုန့် ၂၅ ကျပ်သား ၂၀ ထုပ် လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ၂ ရွာကို ပြီးခဲ့တဲ့ဇူလိုင် ၂၇ ရက်နေ့လယ်မှာ စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုး မီးရှို့ခဲ့တာလို့ သိရပါတယ်။

“ရွှေပေါက်ပင်ရွာနဲ့ လုံခြုံရေးအရအမည်ဖော်လို့မရတဲ့တရွာကို လှူဒါန်းခဲ့တာပါ။ အဲ့ဒီ ၂ ရွာကမီးဘေးသင့်သူတွေ လက်ရှိနေတာက နေအိမ်မီးလောင်ပြင်ကိုရှင်းပြီး ယာယီထန်းလက်မိုးတဲတွေနဲ့ နေကြတယ်"လို့ ကမ်းလက်လေးများအဖွဲ့ခေါင်းဆောင် ကိုဂျိုးဂျိုးလေးက ပြောပါတယ်။

ဒါ့အပြင် ရွှေပေါက်ပင်ရွာက ဒေသခံပြည်သူတွေကိုလည်း CDM ကျန်းမာရေးဝန်ထမ်းတွေက လိုအပ်တဲ့ဆေးဝါး ထောက်ပံ့မှုအပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပါ အခမဲ့ပြုလုပ်ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီခရီးစဉ်အတွင်း HERO မြောင်ပြောက်ကျားတပ်ဖွဲ့၊ BLOOD BROTHERS မိုင်းစစ်ဆင်ရေးတပ်ဖွဲ့နဲ့ ကန္တာရသိန်းငှက်တပ်ဖွဲ့တို့က လုံခြုံရေးကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

ကမ်းလက်လေးများအဖွဲ့ဟာ ပြီးခဲ့တဲ့ဇူလိုင် ၂၇ ရက်ကလည်း မြောင်မြို့နယ်ထဲက ကျောက်ရစ်ရွာနဲ့ ကိုးပင်ရွာက စစ်ရှောင်ပြည်သူတွေကိုလည်း ဆန်ထောက်ပံ့မှု ပြုလုပ်ခဲ့ကြပါသေးတယ်။

ပုံစာ - မြောင်မြိုနယ်အတွင်းက စစ်ရှောင်များကို စားသောက်ကုန်များထောက်ပံ့နေစဥ်။

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #ရိက္ခာ #ထောက်ပံ့ #မီးဘေးရှောင် #ကမ်းလက်လေးများပရဟိတအဖွဲ့ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10