စစ်တပ်ကမီးရှို့ခဲ့တဲ့ လက်ပံတန်းက ကျေးရွာ ၂ ရွာမှ ဒေသခံ ၁,၀၀၀ ကျော် ရွာထဲပြန်မဝင်နိုင်သေး

စစ်တပ်ကမီးရှို့ခဲ့တဲ့ လက်ပံတန်းက ကျေးရွာ ၂ ရွာမှ ဒေသခံ ၁,၀၀၀ ကျော် ရွာထဲပြန်မဝင်နိုင်သေး

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်မှာ  စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့တဲ့ ကျေးရွာ ၂ ရွာက ရွာခံ ၁,၀၀၀ ကျော်ဟာ ၄ ရက်ကြာတဲ့အထိ ကျေးရွာထဲကို ပြန်မဝင်နိုင်သေးဘူးလို့ ဒေသခံတဦးက‌ ပြောပါတယ်။

လက်ပံတန်းမြို့နယ်၊ ရန်ကုန် - ပြည်ကားလမ်းအရှေ့ဘက် ၆ မိုင်ခန့်အကွာ၊ ရေငံအုပ်စု၊ ရေငံရွာက နေအိမ် ၁၀၀ ဝန်းကျင်နဲ့ ဆင်တလင်းအုပ်စု၊ အုတ်ဖိုစုရွာက နေအိမ် ၁၀၀ ခန့်အပါအဝင် စုစုပေါင်း နေအိမ် ၂၀၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ဩဂုတ် ၂၇ ရက် ညက မီးရှို့ခဲ့တာလို့ ပြောပါတယ်။

“ရေငံမှာ စစ်တပ်က မီးရှို့ပြီး တပ်စွဲနေလို့ ရွာသားတွေ ပြန်မဝင်ရသေးဘူး။ အဲလိုပဲ ရေငံနဲ့ တမိုင်လောက်ဝေးတဲ့ အုတ်ဖိုစုက ရွာသားတွေကလည်း စစ်တပ်ကို ကြောက်လို့ ရွာထဲပြန် မဝင်ရဲကြဘူး” လို့ ဒေသခံတဦးက ပြောပါ တယ်။

အဲဒီနှစ်ရွာကနေ တိမ်းရှောင်ရသူ လူဦးရေ ၁,၀၀၀ ဝန်းကျင်ရှိပြီး  လက်ပံတန်းမြို့ပေါ်နဲ့ အနီးဝန်းကျင် ကျေးရွာတွေကို သွားရောက်နေထိုင်ရတယ်လို့ သူက ဆက်ပြောပါတယ်။

ရေငံအုပ်စုနဲ့ နယ်မြေထိစပ်နေတဲ့ ဆင်တလင်းအုပ်စုထဲက အမျိုးသမီးတဦးကလည်း ရေငံနဲ့ အုတ်ဖိုစုက ပြည်သူ့နေအိမ်တွေကို စစ်တပ်က မီးရှို့ခဲ့လို့  ၎င်းတို့လည်း စိုးရိမ်နေကြပြီး တိုက်ပွဲတွေဖြစ်လာရင် နေအိမ်ကို စွန့်ကာ တိမ်းရှောင်ဖို့ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ခံ ရဲဘော်ကိုကိုအောင်က “ပြည်သူ့နေအိမ်တွေကို မီးရှို့တဲ့ စစ်တပ်ဟာ တပ်မ ၆၆ ကဖြစ်ပြီး ဩဂုတ် ၂၄ ရက်နဲ့  ၂၇ ရက်နေ့တွေက လက်ပံတန်းမြို့နယ်အတွင်းကတိုက်ပွဲ တွေမှာ အထိနာခဲ့လို့  မီးရှို့ခဲ့တာဖြစ်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၁ ရက် ညကလည်း စစ်ကောင်စီတပ်ဟာ လက်ပံတန်းမြို့နယ် ဆင်တလင်းအုပ်စု၊ ဆင်တလင်းရွာ က နေအိမ် ၂ လုံးကိုလည်း မီးရှို့ခဲ့ပါသေးတယ်။

ပုံစာ - ရေငံရွာနှင့်အုတ်ဖိုစုရွာမှ နေအိမ်များကို ဩဂုတ် ၂၇ ရက်ညက စစ်ကောင်စီတပ် မီးရှို့နေစဉ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #လက်ပံတန်းမြို့ #စစ်ကောင်စီ #မီးရှို့ #စစ်ရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10