စစ်တပ်ကလက်နက်ပေးထားတဲ့ ကံမက အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

စစ်တပ်ကလက်နက်ပေးထားတဲ့ ကံမက အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မကွေးတိုင်း၊ ကံမမြို့နယ်၊ ကျီးမီးရွာမှာနေထိုင်တဲ့ အုပ်ချုပ်ရေးမှူးကို ဇူလိုင် ၁၀ ရက်မှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။

အသတ်ခံရသူဟာ ကျီးမီးကျေးရွာအုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် အသက် ၅၄ နှစ် အရွယ်ရှိ ဦးမိုးကျော် ဖြစ်ပြီး သူ့အိမ်မှာရှိနေချိန် ည ၁၀ နာရီခန့်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

"လက်လုပ်သေနတ်နဲ့ သူကစပစ်ဖို့လုပ်တယ်။ ကျနော်တို့ဘက်က လက်ဦးမှုရတော့ သေနတ်နဲ့ ၃ ချက်ပစ်လိုက်တယ်။ နေရာမှာ ပွဲချင်းပြီးသေသွားတယ်" လို့ သရက်ခရိုင် အမှတ် ၄ သတင်းတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

ပစ်ခတ်ပြီးနောက် လက်လုပ်ရှော့ဂန်းသေနတ် ၁ လက်၊ ကျည် ၁ တောင့်၊ ဓား ၁ ချောင်းနဲ့ဖုန်း ၃ လုံးတို့ကို သိမ်းဆည်း ရခဲ့ကာ ဇူလိုင် ၁၁ ရက် ဒီမနက်ပိုင်းမှာတော့ အလောင်းကိုစစ်ကောင်စီတပ်သားတွေက လူနာတင်ကားနဲ့ လာသယ်သွားတယ်လို့ သူကဆက်ပြောပါတယ်။

ဦးမိုးကျော်ဟာ သူ့အိမ်ရှေ့မှာ လောင်းကစားဝိုင်းတွေလုပ်နေတာ၊ ဇွန် ၁၅ ရက်ကစတင်ပြီး စစ်မှုထမ်းဥပဒေကို အကြောင်းပြုကာ ကျေးရွာအတွင်းရှိ အိမ်ခြေ ၃၀၀ ခန့်ကို ၁ အိမ်ထောင် ၃၀၀၀၀ ကျပ် ကောက်ခံဖို့ ပြင်ဆင်နေတာ၊ ကျီးမီးရွာအနီးတဝိုက် ပြည်သူတွေစိုက်ပျိုးထားတဲ့ ကျွန်းစိုက်ခင်းတွေကိုလည်း စစ်တပ်နဲ့ပေါင်းကာ သိမ်းဆည်းတာတွေ လုပ်တဲ့အတွက် ခုလို ရှင်းလင်းခဲ့ရတာလို့ဆိုပါတယ်။

ဒီပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ် ၁ စစ်ဒေသ မကွေးတိုင်း၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းနဲ့ ကျောင်းသားလက်ရုံးတပ်တော် SAF တို့ ပူးပေါင်းစစ်ကြောင်းက ရှင်းလင်းခဲ့တာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်ကလည်း သရက်မြို့နယ်၊ ပျဥ်းအိုင်အုပ်စု၊ ဆတ်လည်ကျေးရွာက စစ်ကောင်စီခန့် အသက် ၅၀ အရွယ် အုပ်ချုပ်ရေးမှူး စိုးနိုင်ဆိုသူ ပစ်ခတ်ရှင်းလင်းခံခဲ့ရပါသေးတယ်။ 

 စာတည်း - လင်း

#မြေလတ်အသံ

#မကွေး #ကံမ #အုပ်ချုပ်ရေးမှူး #ရှင်းလင်း #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10