စစ်တပ်က စစ်ကိုင်းနယ်က ရွာ ၂ ရွာကိုမီးရှို့လို့ နေအိမ် ၆ လုံးပျက်စီး

စစ်တပ်က စစ်ကိုင်းနယ်က ရွာ ၂ ရွာကိုမီးရှို့လို့ နေအိမ် ၆ လုံးပျက်စီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သဗြူးရွာနဲ့ ကုန်းတန်းလေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေက မေလ ၃၁ ရက်မနေ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

အင်အား ၄၀ ပါ စစ်ကောင်စီတပ်သားတွေဟာ မနေ့ကမနက်အစောပိုင်းမှာ သဗြူးရွာကနေအိမ်တွေကို မီးရှို့ပြီးနောက် မနက် ၆ နာရီလောက်မှ ကား ၈ စီးနဲ့ ကုန်းတန်းလေးရွာကို ဝင်ရောက်လာလာ နေအိမ် ၁ လုံးကို စတင်မီးရှို့ခဲ့တာပါ။ 

အဲ့ဒီနောက် မအူပင်အနောက်ဘက်ကျေးရွာဘက်ကို ထွက်ခွာသွားပြီး နေ့လယ် ၁ နာရီလောက်မှာ စစ်ကြောင်းပြန်လှည့်လာချိန် ကုန်းတန်းရွာအနီးမှာ ကာကွယ်ရေးတပ်တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာကို ခံရတဲ့အတွက် ကုန်းတန်းကျေးရွာက နေအိမ် ၃ လုံးကို ဒုတိယအကြိမ် မီးထပ်ရှို့ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ 

“သူတို့မနက်က သဗြူးရွာက အိမ် ၂ လုံးကို အရင်မီးရှို့တယ်။ ပြီတော့ ကုန်းတန်းလေးရွာထဲကို ဝင်လာပြီး သူတို့လိုက်ရှာနေတဲ့ လူတဦးရဲ့နေအိမ်ကို မီးလာရှို့လိုက်တယ်။ မီးရှို့ပြီးတော့ မအူပင်အနောက်ဘက်ကို ထွက်သွားတာ။ ထွက်သွားပြီး ကုန်းတန်းလေးရွာကို ပြန်လာတဲ့အချိန် မိုင်းမိသွားတော့ သူတို့ကား ၂ စီးက ကြေသွားတယ်။ အဲ့ဒါနဲ့ ကုန်းတန်းလေးရွာထဲဝင်ပြီ ထပ်ပြီ မီးရှို့တော့တာပဲ” လို့ ဆိုပါတယ်။

အိမ်ခြေ ၄၀၀ နီးပါးရှိတဲ့ရှိတဲ့ ကုန်းတန်းလေးကျေးရွာ အခုလိုမီးရှို့ခံရတာဟာ ပထမအကြိမ်ဖြစ်ပြီး၊ ရွာကိုမီးရှို့ပြီးနောက် အဲဒီရွာရဲ့အနောက်ဘက်ရှိ ဗြဲတရောကျေးရွာထဲကို လက်နက်တွေ ပစ်ဖောက်ဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။  

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေလ ၇ ရက်နေ့ကလည်း ကုန်းတန်းလေးကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို လက်ခံထားတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်ဖွဲ့တွေက ဘုန်းကြီးကျောင်းဓမ္မာရုံကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။ 

ပုံစာ - သဗြူးကျေးရွာက နေအိမ် ၂ လုံးကို စစ်တပ်ကမီးရှို့နေစဥ်။ 

 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ကုန်းတန်းလေးရွာ #သဗြူးရွာ #မီးရှို့ #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10