စစ်တပ်က စစ်ကြောင်းထိုးလို့ ခင်ဦး ဒေသခံ ၈၀၀၀ ခန့် မိုးရေထဲ တိမ်းရှောင်နေရ

စစ်တပ်က စစ်ကြောင်းထိုးလို့ ခင်ဦး ဒေသခံ ၈၀၀၀ ခန့် မိုးရေထဲ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာတရွာကို သြဂုတ် ၃၁ ရက် မနေ့ မနက်က စစ်ကောင်စီ စစ်ကြောင်းဝင် ရောက်လာလို့ အနီးဝန်းကျင်က ဒေသခံပြည်သူ ၈၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ခမရ ၇၀၂နဲ့ ခမရ ၇၀၈ တပ်က အင်အား ၁၀၀ ကျော်နဲ့ ခြေလျင်စစ်ကြောင်းထိုး ပစ်ခတ်ကာ လောင်းရှည်ရွာမှာ တပ်လာစွဲလို့ အနီးဝန်းကျင်က လက်ပံလှရွာ၊ ရွာသန်းရွာ၊ ပန်းတွင်းရွာ၊ ကျီးကန်ရွာနဲ့ ရေအေးကုန်းရွာတွေက ဒေသခံ ၈၀၀၀ ခန့် တိမ်းရှောင်ရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

"မနက် ၁၁ နာရီလောက်ကတည်းက မိုးကလည်းရွာထားတော့ ရွှံ့တွေဗွက်တွေထဲ တိမ်းရှောင်ရတာပါ။ အခုညတော့ မိုးကစဲသွားပြီ။ စစ်ရှောင်တွေကတော့ လယ်ကွင်းတွေ၊ ကန်သင်းတွေနဲ့ သစ်ပင်ရိပ်အောက်တွေမှာပဲ" လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ခင်ဦးမြို့နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်တပ်ကို ခုခံစစ်စတင်ချိန်ကနေ အခုအချိန်အထိ စစ်ကောင်စီက စစ်ကြောင်းထိုးလို့ ကျေးရွာတရွာကို အနည်းဆုံး ၁၀ ကြိမ်ထက် မနည်း တိမ်းရှောင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ရှောင်တွေကို လှူဒါန်းလိုသူတွေအနေနဲ့လည်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး Page Messenger ကို ဆက်သွယ်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းအပြီးလပိုင်းအကြာမှာ ခင်ဦးမြို့နယ်ထဲက မဒေါင်းလှရွာ၊ မန်ကျည်းကုန်းရွာ၊ ရွာသစ်ကုန်းနဲ့ ပျဥ်ထောင်ကျေးရွာတွေကို စစ်တပ်ကတပ်လာစွဲလို့ အနီးဝန်းကျင်ကျေးရွာ ၂၇ ရွာက ဒေသခံ ၁၀၀၀၀ ခန့်ဟာ ကျေးရွာတွေကို စွန့်ခွာတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ 

အဲ့ဒီအထဲကတချို့ဟာ အခြားဒေသတွေမှာ သွားရောက်နေထိုင်ကြသလို လူဦးရေ ၅၀၀၀ လောက်ကတော့ ခင်ဦးမြို့နယ်ထဲက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ တောတိုက်တွေထဲမှာ စစ်ရှောင်နေကြတာ ၁ နှစ် ခွဲဝန်းကျင်ရှိပြီလို့ သိရပါတယ်။

ပုံစာ - ခင်ဦးမြို့နယ်ကမိုးရေထဲမှာစစ်ရှောင်နေကြသူများ။(ဓါတ်ပုံ - ခင်ဦးသတင်းမှန်ပြန်ကြားရေး)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ခင်ဦးမြို့နယ် #စစ်ရှောင် #စစ်ကြောင်းထိုး #စစ်ကောင်စီ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10