စစ်တပ်က စစ်ကြောင်းထိုးလို့ ဒီပဲယင်းဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရ

စစ်တပ်က စစ်ကြောင်းထိုးလို့ ဒီပဲယင်းဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက စက်တင်ဘာ ၃၀ ရက် ဒီကနေ့ မနက် ၇နာရီမှာ စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ဒေသခံ ၁သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောပါတယ်။

ဒီပဲယင်းမြို့ပေါ်ကိုရောက်ရှိနေတဲ့ ခမရ-၇၁ တပ်ရင်းမှ တပ်သားအင်အား ၁၀၀ ကျော်က မြို့အနီးနားမှာရှိတဲ့ ယင်းတွေကျေးရွာထဲကို ပစ်ခတ်ဝင်ရောက်လာခဲ့တာကြောင့် တခြားကျေးရွာ ၁၇ ရွာက ပြည်သူတွေလည်း ထွက်ပြေးနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

ထွက်ပြေးနေရတဲ့ ဒေသခံတွေကတော့ ယင်းတွေရွာ၊ ပျံကျ၊ နဘဲလှ၊ ပုဂံရွာ၊ လက်တီးရွာ၊ ခွန်းတောင်းရွာ၊ ကံပြားရွာ၊ အောင်ချမ်းသာရွာ၊ ဝပါရွာ၊ သပြေသာရွာ၊ မှန်သာရွာ၊ ငြိမ်းချမ်းရွာသစ်ရွာ၊ အင်းတန်းရွာ၊ တောကျောင်းရွာ၊ မဲသည်ရွာ၊ သတဲ့ရွာတို့မှ ဖြစ်ကြပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ မိုးရေထဲမှာ ပြေးရတာဖြစ်ပြီး လမ်းတွေမှာ ဗွက်ထနေတာကြောင့် ဆိုင်ကယ်လည်း အသုံးပြုမရဘဲ ခြေလျင်ပြေးနေရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လက်ရှိအချိန်မှာ စစ်ကြောင်းဟာ ယင်းတွေရွာကနေ နဘဲလှရွာကို ကျော်ပြီး ဆိုင်ပြင်ရွာဘက်ကို ဦးတည်နေတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ခံကပြောပါတယ်။

လက်ရှိ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာ ၂၅ ရက်က ရေဦးမြို့နယ်ဘက်က ဒီပဲယင်းမြို့နယ်ကို ရောက်လာခဲ့တာဖြစ်ပြီး အဲဒီနောက် လက်ယက်ကုန်းကျေးရွာမှာ ဝင်ရောက်ညအိပ်ကာ အဲဒီကနေတဆင့် ၂၇ ရက်မှာ မြို့ပေါ်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အလားတူ စက်တင်ဘာ ၂၇ ရက်မှာလည်း အဆိုပါစစ်ကောင်စီတပ်သားတွေက ဒီပဲယင်းမြို့ပေါ်ကို ဝင်လာချိန် စစ်ကြောင်းသွားရာလမ်း တလျောက်မှာရှိတဲ့ ကျေးရွာ ၇ ရွာက ဒေသခံတွေ ထွက်ပြေးခဲ့ရသေးတယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ်ထဲမှာ စစ်ရှောင်ကာလ ၂ နှစ်နီးပါးရှိတဲ့ အိမ်ထောင်စု  ၆၀၀ ကျော်နဲ့ လူဦးရေ ၁,၈၀၀ ခန့်ရှိပြီး အဲဒီစစ်ရှောင်တွေဟာ ဘုန်းကြီးကျောင်းတွေ အသိမိတ်ဆွေတွေရဲ့ နေအိမ်တွေနဲ့ မြေကွက်လပ်တွေမှာ ယာယီတဲတွေထိုးကာ နေထိုင်ကြတယ်လို့ သိရပါတယ်။

ဓါတ်ပုံ - ဒီပဲယင်းမြို့နယ်ညီနောင်များ။

ပုံစာ - ဒီပဲယင်းမြို့နယ်ကစစ်ရှောင်များကို တွေ့ရစဉ်။

စာတည်း-လင်းဇေ
#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဒီပဲယင်းမြို့နယ် #စစ်ကြောင်းထိုး #စစ်ရှောင် #ယင်းတွေရွာ #ပျံကျ #နဘဲလှ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10