စစ်တပ်က ညောင်ပင်ကြီးရွာကို ဆက်လက်မီးရှို့၊ ရဲစခန်းကို ပြန်တည်ဆောက်ပြီး ရွာလမ်းတွေကိုဖျက်ဆီး

စစ်တပ်က ညောင်ပင်ကြီးရွာကို ဆက်လက်မီးရှို့၊ ရဲစခန်းကို ပြန်တည်ဆောက်ပြီး ရွာလမ်းတွေကိုဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာနဲ့ အခြားကျေးရွာက ဒေသခံ ၁၀ ဦးကို စစ်အုပ်စုက ဖမ်းဆီးထားပြီး ညောင်ပင်ကြီးရွာက နေအိမ်တွေကိုလည်း ဒီနေ့မနက်အထိ ဆက်လက်မီးရှို့ဖျက်ဆီးနေတဲ့အပြင် ရွာလမ်းတွေကိုလည်း ဖျက်ဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ညောင်ပင်ကြီးရဲစခန်းမှာ အင်အား ၁၀၀ နီးပါးနဲ့ လူအင်အားထပ်ဖြည့်ထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဟာ ဇွန်လ ၁၂ ရက် ဒီနေ့ မနက် ၈နာရီလောက်မှာ ညောင်ပင်ကြီးကျေးရွာမှာ ကျန်ရှိနေသေးတဲ့ လူနေအိမ်တွေကို ဆက်လက် မီးရှို့ဖျက်ဆီးနေတဲ့အပြင် ရွာလမ်းတချို့ကိုလည်း ဘက်ဟိုးကားနဲ့ ဖျက်ဆီးထားတယ်လို့ ချင်းတွင်းမြစ် သပိတ်ကော်မတီဝင်တဦးက ပြောပါတယ်။

အဖမ်းခံလိုက်ရတဲ့ ဒေသခံ ၁၀ ဦးဟာ နေအိမ်မှာ ပစ္စည်းတချို့ပြန်ယူကြရာက ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး အများစုဟာအမျိုးသားများဖြစ်ကာ ညောင်ပင်ကြီးကျေးရွာအပါအဝင် ထန်းတောကျေးရွာမှ ရွာခံများဖြစ်တယ်လို့ ဆိုပါတယ်။  

ညောင်ပင်ကြီးကျေးရွာဟာ နင်းတော၊ သိမ်တော်၊ ရွှေအင်းလေး၊ ရွာရှည်၊ အမှက် ၃၊ ထန်းတော၊ ဘုရားသုံးဆူ စတဲ့ ကျေးရွာတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျေးရွာကြီးဖြစ်ပြီး လူနေအိမ်ခြေထောင်ချီရှိကာ လက်ရှိမှာတော့ စစ်ကောင်စီက ၄ ရက်ဆက်တိုက်မီးရှို့နေတာကြောင့် လူနေအိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီးသွားပြီလို့ ဒေသခံတွေက ဆိုပါတယ်။ 

“ရွာတွေကိုတော့ မီးရှို့နေတုန်းပဲ။ မနေ့မနက်ကတော့ ထန်းတောရွာကိုမီးရှို့တယ်။ ညနေကျတော့ သိမ်တော်ရွာကို မီးထပ်ရှို့တယ်” လို့ ချင်းတွင်းမြစ်သပိတ် ကော်မတီဝင်တဦးက ပြောပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေရဲ့ တချို့နေရာတွေမှာ နင်းမိုင်းထောင်တာတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ဇွန်လ ၁၁ ရက် မနေ့က သေဆုံးလျက်ပြန်တွေ့ရတဲ့ ကိုဗန့်ဂျီအလောင်းကို ထန်းတောကျေးရွာမှာ သွားရောက် သယ်ယူရာကြရာ စစ်ကောင်စီက ထောင်ထားတဲ့ မိုင်းနင်းမိပြီး PDF ရဲဘော်တဦး ခြေထောက်ပြတ်သွားခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ သူတို့ရဲ့စခန်းကို ပြန်လည်ဆောက်လုပ်ဖို့ ပစ္စည်းတွေသယ်ယူနေကြပြီး သူတို့စခန်းကိုသွားရာကားလမ်းကိုလည်း အလွယ်တကူဝင်လာလို့ မရအောင် ဖျက်ဆီးထားကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

အခုလက်ရှိမှာ ညောင်ပင်ကြီးကျေးရွာအပါအဝင် အိုမ၊ ထန်းတောကြီး၊ ရွာရှည်၊ ရုံးပင်ရိုး၊ ထန်းတော၊ ပလောင်၊ ဝက်မှေး၊ ကံတော်၊ နှင်းတော၊ သိမ်တော၊ အအောင်ချမ်းစည်၊ ရွှေအင်းလေး စတဲ့ကျေးရွာက ဒေသခံပြည်သူ ၅၀၀၀ ခန့်ဟာ ဘေးလွတ်ရာကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အခုလိုညောင်ပင်ကြီးကျေးရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လူအင်အားဖြည့်တင်းပြီး ပြန်လည်နေထိုင်နေတဲ့အတွက် ဒေသခံတွေကိုလည်း အဲ့ဒီလမ်းပိုင်းဘက်သွားလာခြင်းမပြုလုပ်ဖို့ကိုလည်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောဆိုထားပါတယ်။

“ရွာထဲကနေပြီးတော့ သူတို့ဘာသာ လက်နက်တွေ ပစ်ဖောက်နေတာမျိုးတွေတော့ရှိတယ်။ အဲဒီရွာထဲမှာ စခတွေရှိနေသရွေ့  အနက်ရောင်နယ်မြေလို့ သတ်မှတ်ထားတယ်။ ရွာသားတွေကိုလည်း အဲ့ဘက်တွေကို ဘာအကြောင်းကြောင်းနဲ့မှ မသွားလာကြဖို့ကိုလည်း မှာထားပါတယ်” လို့ ULF ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး မှ  Alpha Column တပ်ခွဲ၊ Triple Two Task Force တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဇွန်လ ၉ ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှာ PDF မဟာမိတ်ပူးပေါင်းတပ်တွေက ညောင်ပင်ကြီးရဲစခန်းကို ဝင်ရောက်ကာ စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီဘက်က အသေဆုံးများခဲ့တာကြောင့် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အဆမတန်သုံးခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#ဆားလင်းကြီးမြို့နယ် #ညောင်ပင်ကြီးကျေးရွာ #မီးရှို့ #စခန်းတည်ဆောက် #ရွာလမ်းဖျက်ဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10