စစ်တပ်က ပစ်တဲ့လက်နက်ကြီးထိမှန်လို့ လက်ယက်ကုန်းက အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေး ၃ ဦးဒဏ်ရာရ

စစ်တပ်က ပစ်တဲ့လက်နက်ကြီးထိမှန်လို့ လက်ယက်ကုန်းက အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက လက်ယက်ကုန်းကျေးရွာထဲကို နိုဝင်ဘာ ၁ ရက်မှာ စစ်ကောင်စီပစ်ခတ် လိုက်တဲ့ ၁၂၀ မမ ကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေး ၃ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဆီက သိရပါတယ်။ 

ရေဦးမြို့အနောက်ဘက် ရွှေကျီးမင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က နိုဝင်ဘာ ၁ ရက် ည ၇ နာရီအချိန် ခန့်မှာ ၁၂၀ မမ လက်နက်ကြီးနဲ့ ၂ ချက် ပစ်ခတ်ခဲ့ရာမှာ ဒီပဲယင်းမြို့နယ်ထဲက လက်ယက်ကုန်းကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး အခုလို သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။ 

"လက်နက်ကြီးကျည်စမှန်လို့ ၁ ဦးသေပြီးတော့ ၄ ဦးဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေထဲက တဦးလည်း စိုးရိမ်ဒဏ်ရာနဲ့ ဆေးကုသနေပါတယ်" လို့ စစ်ရှောင်ထောက်ပံရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်တပ်က ပစ်တဲ့လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားသူဟာ အသက် ၄၂ နှစ်အရွယ် ဒေါ်ချယ်ရီဖြစ်ပြီး အသက် ၆ နှစ်အရွယ် ကလေး ၁ ဦးခေါင်းထိမှန်သလို အသက် ၁၆ နှစ်အရွယ် ကလေး ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ 

အသက် ၄၀ အရွယ် အမျိုးသမီးတဦးကတော့ စိုးရိမ်ရတဲ့ ဒဏ်ရာအခြေအနေနဲ့ ဆေးကုသမှုကို ခံယူနေရတယ် လို့ စစ်ရှောင်ထောက်ပံရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။  

စစ်ကောင်စီက လက်နက်ကြီးနဲ့ အခုလိုပစ်ခတ်ခဲ့လို့ ဒီပဲယင်းမြို့နယ်ထဲက လက်ယက်ကုန်း၊ ညောင်လှ၊ သရက်တော၊ ညောင်ကြီးကုန်း၊ အောင်ချမ်းသာ၊ ဝဘာရွာစတဲ့ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

ပုံစာ - အောက်တိုဘာလ ၁ ရက်နေ့ညပိုင်းမှာ ဒေသခံပြည်သူတွေ စစ်ရှောင်နေကြစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဒီပဲယင်းမြို့နယ် #လက်ယက်ကုန်း #စစ်ကောင်စီ #၁၂၀မမ #အမျိုးသမီး #ကလေး #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10