စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းပစ်လို့ မအူရွာက အမျိုးသမီးတဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းပစ်လို့ မအူရွာက အမျိုးသမီးတဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီး၊ မုံရွာတောင်ဘက်အဝင်မုခ်ပေါက်ဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့က မုံရွာ-မန္တလေးကားလမ်းဘေးရှိ မအူကျေးရွာကို ဇူလိုင် ၁၀ ရက် ဒီနေ့ညနေ ၆ နာရီခန့်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသမီး ၁ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးထံမှ သိရပါတယ်။

အဆိုပါ စစ်ကောင်စီဂိတ်နဲ့ ၁ မိုင်ခန့်ဝေးတဲ့ မအူကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက ၆၀ မမ လက်နက်ကြီး ၁၀ လုံးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ အဲ့ဒီကျေးရွာက အသက် (၄၅)နှစ်အရွယ် မနွယ်ဝင်း ထိမှန်သေဆုံးသွားသလို အသက် ၅ နှစ်နဲ့ ၇ နှစ်အရွယ် ကလေး ၂ ဦးနဲ့ အမျိုးသား ၁ ဦးလည်း လက်နက်ကြီး ထိမှန်ပြီး ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

“PDF အဖွဲ့ကသွားပစ်လို့ စခတွေထိပြီး ပြန်ပစ်တာ။ အဲ့ဒီ မိသားစုဝင်တွေကလည်း အိမ်မှာနေရင်း ထိကုန်တာ။ ရွာထဲက လူတော်တော်များကတော့ ထွက်ပြေးကုန်ပြီ၊ အနည်းစုလောက်ပဲ ရွာမှာကျန်ခဲ့တယ်” လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး တာဝန်ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အခုလက်ရှိအချိန်မှာ ထိခိုက်ဒဏ်ရာရသွားတဲ့ ပြည်သူ ၃ ဦးကိုဆေးကုသမှုတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ အဆိုပါဂိတ်ကနေ မအူရွာထဲကို  လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်သလို ရွာထဲကိုဝင်ရောက်ပြီး ဒေသခံတွေကို ဖမ်းဆီးတာမျိုးတွေ လုပ်ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #မုံရွာမန္တလေးလမ်းမကြီး #မအူကျေးရွာ #စစ်ကောင်စီ #လက်နက်ကြီး #ပစ်ခတ် #အမျိုးသမီး #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10