စစ်တပ်က သတ်ပြီးစွန့်ပစ်ခဲ့တဲ့ အလောင်း ၃ လောင်း မြောက်ယမားချောင်းထဲမှာတွေ့

စစ်တပ်က သတ်ပြီးစွန့်ပစ်ခဲ့တဲ့ အလောင်း ၃ လောင်း မြောက်ယမားချောင်းထဲမှာတွေ့

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ် မြောက်ယမားချောင်းထဲမှာ  သြဂုတ် ၁၆ ရက် ဒီမနက်အစောပိုင်းက အမျိုးသားအလောင်း ၃ လောင်းတွေ့ရှိလို့ သဂြိုဟ်ပြီးစီးခဲ့ပြီလို့ ယင်းမာပင်ခရိုင်အမှတ် ၁၆ တပ်ရင်းမှူး ဗိုလ်အောက်ဆွဲက ပြောပါတယ်။

အသတ်ခံရသူ ၃ ဦးဟာ  ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းကြေးနီစီမံကိန်း စစ််ကောင်စီတပ်စစ်ကြောင်းက ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးစဉ် လယ်ငေါက်ရွာကနေ ဖမ်းဆီးလာတဲ့ ဒေသခံပြည်သူတွေဖြစ်ပြီး သတ်ဖြတ်ခဲ့ပြီးနောက် စွန့်ပစ်ထားခဲ့တာလို့ ဆိုပါတယ်။

" လယ်ငေါက်ရွာကနေဖမ်းဆီးလာတဲ့ ပြည်သူ ၃ ဦးကို စစ်တပ်ကသတ်ပြီး ရေထဲပစ်ချတာလို့ သိရတယ်။ အပြစ်မဲ့ပြည်သူတွေပါ။ အလောင်းတွေကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၁ Brother Defence Force က ဒီမနက် ၁၀ နာရီဝန်းကျင်လောက်မှာ သဂြိုဟ်ပေးခဲ့တယ်။ ရဲဘော်တွေ ခုမှပြန်လာတုန်းပဲ ရှိသေးတယ်"လို့ ဗိုလ်အောက်ဆွဲက မြေလတ်အသံကို ပြောပါတယ်။

ယင်းမာပင်မြို့နယ်ထဲမှာ သြဂုတ် ၁၅ ရက် မနေ့နေ့လယ် ၂ နာရီလောက်ကလည်း ပုသိမ် - မုံရွာလမ်းပိုင်းမှာရောက်ရှိနေတဲ့ အဲ့ဒီစစ်ကြောင်းကနေ  လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပေကုန်းရွာက အသက် ၉ နှစ်အရွယ် မောင်ကျော်သီဟ သေဆုံးပြီး သူ့ဖခင်အပါ ပြည်သူ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စစ်ကြောင်းဟာ သြဂုတ် ၁၄ ရက်မနက်က ယင်းမာပင်မြို့နယ်အတွင်း ဝင်ရောက်လာတာဖြစ်ပြီး လမ်းတလျှောက်ရှိ ကျေးရွာတွေက ပြည်သူ ၇ ဦးထက်မနည်းကို ဖမ်းဆီးခဲ့သေးတယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ သြဂုတ် ၁၅ ရက်မနေ့ညကတော့ လက်ပံတောင်းကြေးနီစီမံကိန်းဝန်းထဲကိုပြန်လည်ဝင်ရောက်သွားပြီး စစ်ကြောင်းပြန်ဆုတ်ချိန် ဖမ်းဆီးခံသူတွေ ပြန်လည်လွတ်မြောက်ခြင်းရှိ၊မရှိကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပုံစာ - စစ်​ကောင်စီတပ်က သတ်ဖြတ်ပြီး စွန့်ပစ်ခဲ့သည့် ရုပ်အလောင်းများ။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #မြောက်ယမားချောင်း #စစ်ကောင်စီတပ် #အရပ်သား #သတ်ဖြတ်မှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10