စစ်တပ်က အိမ် ၂၀၀ ကိုမီးရှို့ပြီး စိတ်ဝေဒနာသည်အမျိုးသားတဦးအပါ ၂ ဦးကိုပါ ပစ်သတ်ခဲ့

စစ်တပ်က အိမ် ၂၀၀ ကိုမီးရှို့ပြီး စိတ်ဝေဒနာသည်အမျိုးသားတဦးအပါ ၂ ဦးကိုပါ ပစ်သတ်ခဲ့

မန္တလေးတိုင်း၊ စဥ့်ကူမြို့နယ်ရှိ ကျေးရွာတရွာကနေအိမ် ၂၀၀ ကျော်ကို စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်စီးခဲ့ပြီး အမျိုးသမီးတဦးနဲ့ စိတ်ဝေဒနာသည်အမျိုးသားတဦးကိုပါ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

အင်အား ၄၀ ဝန်းကျင်ပါ စစ်သားနဲ့ပျူစောထီးတွေက ဧပြီလ ၂၀ ရက် မနေ့ကမနက် ၇ နာရီလောက်မှာ ဘုံသာကုန်းကျေးရွာထဲကို ဝင်ရောက်မွှေနှောက်ကာ ပစ္စည်းတွေကိုယူပြီး ရွာသား အသက် ၆၀ နှစ်အရွယ်စိတ်ဝေဒနာသည် ဦးကျော်တင်အေးကို သေနတ်နဲ့ပစ်သတ်သွားခဲ့တာလို့ စဥ့်ကူး ကင်းထောက်မြေပြင်သတင်းအဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။


အဲ့ဒီနောက် ဘုံသာကုန်းကျေးရွာနဲ့ ၁ မိုင်သာသာဝေတဲ့ ခက်သင်ကျေးရွာကို စစ်ကြောင်းဆက်ထိုးသွားပြီး နေ့လယ် ၂ နာရီလောက်မှာတော့ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးပြီး အသက် ၂၀ နှစ်အရွယ် မဆုမြတ်မြတ်ထက်ကိုလည်း သတ်သွားခဲ့ကာ၊ ခက်သင်ရွာသား ၁ ဦးလည်း ခုထိ ပျောက်နေသေးတယ်လို့ ဆိုပါတယ်။

“ရွာကိုမီးရှို့တဲ့အဖွဲ့ထဲမှာ ပျူတွေများတယ်။ ဘာလို့လည်းဆိုတော့ စဥ့်ကူးနယ်၊ မြစ်အရှေ့ဘက်ရွာတွေက ပျူစောထီးတွေအခြေချတဲ့ရွာတွေ များတယ်၊ ခက်သင်ရွာသား တယောက်လည်း ပျောက်နေတယ်။ ရွာသားတွေပြောတာတော့ သတ်လိုက်ပြီတဲ့ ကျနော်တို့လည်း မသိရတော့ အတိအကျပြောလို့မရဘူး”လို့ ဆိုပါတယ်။

ခက်သင်ရွာ မီးရှို့ခံရတာဟာ ခုတကြိမ်က ပထမဆုံးဖြစ်ပြီး၊ အိမ်ခြေ ၇၀၀ ကျော်ရှိတဲ့အနက် နေအိမ် ၂၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ မနေ့ကညနေ ၅ နာရီလောက်မှ စဥ့်ကူးမြို့နယ်၊ ထုံးကြီးရွာဘက်ကို ပြန်လည် ထွက်ခွာသွားခဲ့ပြီး စစ်ကြောင်းထိုးခံခဲ့ရတဲ့ရွာတွေက ဒေသခံတွေကတော့ ကျေးရွာထဲကို ဝင်ရောက်နေထိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10