စစ်တပ်က ၁၂ ရက်အတွင်း နေအိမ် ၁၀၀ ကျော်ကို မီးရှို့၊ ပြည်သူ ၁ ဦးကို ပစ်သတ်

စစ်တပ်က ၁၂ ရက်အတွင်း နေအိမ် ၁၀၀ ကျော်ကို မီးရှို့၊ ပြည်သူ ၁ ဦးကို ပစ်သတ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီတပ်က ၁၂ ရက်အတွင်း ဒေသခံတွေရဲ့ နေအိမ် ၁၀၀ ကျော်ကို မီးရှို့ပြီး အမျိုးသား ၁ ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်တဲ့သတင်းတွေအရ သိရပါတယ်။ 

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ တောင်ခမောက်ရွာနဲ့ မအူကွင်းရွာကို ဇန်နဝါရီ ၄ ရက်ကနေ ၁၄ ရက်အတွင်း ၃ ကြိမ်မီးရှို့ပြီး ဇန်နဝါရီ ၁၆ ရက်မှာတော့  ကိုင်းကွင်းရွာသား အသက် ၅၀ နှစ်အရွယ် ကိုမိုးကြီးကို သူ့ ရွာအနီးက ယာတဲမှာ သေနတ်နဲ့ ပစ်သတ်ခဲ့လို့ ဒေသခံတွေက အဲဒီနေ့မှာ သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ပြောပါတယ်။ 

စစ်ကောင်စီဟာ မအူကွင်းရွာကို ဇန်နဝါရီ ၁၄ ရက်မွန်းလွဲပိုင်းမှာ မီးရှို့လို့ နေအိမ် ၃၃ လုံးပျက်စီးပြီး ညနေပိုင်းမှာ တောင်ခမောက်ရွာက နေအိမ် ၇၂ လုံးနဲ့ စပါးကျီ ၃ လုံးအပြင် ပညာရေးဝန်ထမ်းဆောင် ၁ ဆောင်ကိုလည်း မီးရှို့ခဲ့ပါတယ်။ 

ဒါ့အပြင် ဇန်နဝါရီ ၄ ရက်ကလည်း တောင်ခမောက်ရွာက နေအိမ် ၂၀ နဲ့ စပါးကျည် ၃ လုံးကိုလည်း မီးရှို့ခဲ့လို့ ၁၂ ရက်အတွင်း နေအိမ် ၁၂၅ လုံးပျက်စီးခဲ့တာပါ။

”အကြောင်းမဲ့ မီးရှို့တာ။ ရွာတွေမှာကလည်း သူတို့ကြောင့် မနေရဲလို့ ရှောင်နေတာ ၇ လလောက်ရှိပြီ။ တော်တော် ယုတ်မာတာ။ အညာဘက်က **တွေလို့ခေါ်တာ မရိုင်းဘူး“ လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။ 

ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးနဲ့ စည်းရုံးရေးတာဝန်ခံကတော့ လက်ရှိမှာ စစ်ကောင်စီတပ်ဟာ အင်အား ၇၀ လောက်နဲ့ သိမ်ကုန်းရွာတာဝါတိုင်စခန်းမှာ လှုပ်ရှားမှုမရှိဘဲ ငြိမ်နေတယ်လို့ ပြောပါတယ်။  

အဲ့ဒီစစ်တပ်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁၅ ရက်က တောင်ခမောက်ရွာက နေအိမ် ၁ လုံးနဲ့ စပါးတွေကိုလည်း  မီးရှို့ခဲ့ပါသေးတယ်။

အလားတူ ၂၀၂၂ မတ် ၁၅ ရက် မနက် ၃ နာရီလောက်ကလည်း စစ်ကောင်စီတပ်ဟာ ပေါင်းတည်မြို့နယ်၊ လဲပင်ရွာက နေအိမ် ၁၆ လုံးကိုလည်း မီးရှို့ခဲ့ရာ လက်ရှိအချိန်ထိ မြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ နေအိမ်မီးရှို့မှု ၅ ကြိမ်အတွင်း စုစုပေါင်း နေအိမ် ၁၄၂ လုံးပျက်စီးခဲ့ရပါတယ်။

ပေါင်းတည်မြို့နယ် ပဲခူးရိုးမအစပ် သိမ်ကုန်းရွာတာဝါတိုင်စခန်းမှာ စစ်ကောင်စီတပ်က လွန်ခဲ့တဲ့ ၂ နှစ် ကျော်ကတည်းက တပ်လာစွဲထားတာဖြစ်ပြီး အဲ့ဒီအချိန်ကစလို့ စစ်ကြောင်းထွက်စဉ် လမ်းတလျှောက်ရှိ တောင်ခမောက်၊ လက်ပံခုံ၊ မအူကွင်းစတဲ့ ကျေးရွာဝန်းကျင်က ယာတဲအလုံးပေါင်း ၂၅ လုံး ကျော်ကိုလည်း မီးရှို့ခဲ့ပါသေးတယ်။  

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပေါင်းတည်မြို့နယ် #စစ်ကောင်စီ #နေအိမ် #မီးရှို့ #ပြည်သူ #သတ်ဖြတ် #ပြည်သူ့ကာကွယ်ရေးတပ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10