စစ်တပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၂ ဦးသေပြီး ၇ ဦးဒဏ်ရာရ

စစ်တပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၂ ဦးသေပြီး ၇ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ မြောက်ခင်ရန်းရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က စက်တင်ဘာ ၁၆ ရက် ညနေ ၆ နာရီကျော်လောက်မှာ လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၂ ဦးသေဆုံးပြီး ၇ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ယောအလင်းတန်းက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁၅ ရက်က   မြောက်ခင်ရန်းရွာကနေ သင်တောရွာဘက်ကို ရိက္ခာရှာဖို့ စစ်ကြောင်းထိုးလာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အထိနာသွားတဲ့အတွက် မြောက်ခင်ရန်းရွာထဲကို ပြန်ဝင်ရောက်သွားခဲ့ပါတယ်။

နောက်နေ့ ညနေပိုင်းမှာတော့ အဲ့ဒီစစ်ကောင်စီတပ်ဟာ သာလင်းရွာနဲ့ မြင်သားရွာဘက်ကို ၁၂၀ မမလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ မြင်းသာရွာက ဒေါ်မြဝင်း၊ ကိုလှမင်းနဲ့ ဒေါ်စိန်ဝင်းတို့ နေအိမ်ပေါ်ကျ ရောက်ပေါက်ကွဲခဲ့လို့ ဒေသခံပြည်သူ ၇ ဦးထိမှန်ဒဏ်ရာရခဲ့ပြီး တောင်ခင်ရန်းရွာကနေ စစ်ဘေးရှောင်လာတဲ့ ကိုစိုးလင်းအောင်နဲ့ မဝေဝေလွင်တို့ ဇနီးမောင်နှံ ၂ ဦးကတော့ သေဆုံးသွားတယ်လို့ ယောအလင်းတန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ထိတွေ့ပစ်ခတ်မှုမှာ သူတို့ဘက်က အထိနာထားတော့  မြင်သားရွာဘက်မှာ PDF တွေ ပုန်းခိုနေတယ်ထင်ပြီး လက်နက်ကြီးတွေနဲ့ ပစ်တော့တာပဲ။ ပထမအကြိမ် သာလင်းရွာဘက်ကို ပစ်တယ်။ ဒုတိယ အကြိမ်ကျတော့ မြင်သားရွာဘက်ကိုပစ်တော့ ပြည်သူတွေထိခိုက်တော့တာပဲ”လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အသက် ၁၀ နှစ်အောက် ကလေး ၃ ဦး၊ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ ဖြစ်ပြီး လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ဇနီးမောင်နှံ ၂ ဦးကိုလည်း ဒေသခံတွေက   မီးရှို့သင်္ဂြိုဟ်ပေးလိုက်ပြီလို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်ကလည်း မြောက်ခင်ရန်းရွာကနေ မြင်သားရွာထဲကို ၁၂၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူ ၃ ဦးသေဆုံးပြီး ၂ ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါမြို့နယ် #မြောက်ခင်ရန်းရွာ #စစ်ကောင်စီ #၁၂၀မမလက်နက်ကြီး #ယောအလင်းတန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10