သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာအုပ်စု၊ ကြို့ပင်သာရွာအနောက်ဘက်က စစ်ကောင်စီဂိတ်စခန်း ၁ ခုကို ကာကွယ်ရေးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ရေတာရှည်မြို့နယ်အနောက်ခြမ်း ပကဖ စစ်ရေးတာဝန်ခံဆီက သိရပါတယ်။
အောက်တိုဘာ ၂၇ ရက် မနက် ၅ နာရီကျော်လောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက အဲ့ဒီဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ချိန် အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့သလို ၃ ဦးဒဏ်ရာရရှိကာ M1 အမျိုးအစား ကာဘိုင်လက်နက် ၁ လက်ကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
“ကျနော်တို့ဝင်ပြီး စီးနင်းတိုက်ခိုက်တဲ့အချိန် အင်အား ၁၂ ယောက်ရှိတယ်။ ကျန်တဲ့သူတွေကတော့ ခုန်ချပြီးတော့ ထွက်ပြေးကုန်တာပေါ့။ သူတို့ဘက်က ပြန်ခံပစ်တာတွေလည်းရှိတယ်။ ကျသွားတာကို ကျနော်တို့ မျက်မြင်တွေ့ရှိခဲ့တယ်။ သူတို့ဂိတ်စခန်းကိုလည်း မီးရှို့ခဲ့တယ်။ ကျနော်တို့က အချိန်အကြာကြီးယူလို့မရတဲ့အတွက်ကြောင့်မို့ အမြန်သိမ်းဆည်းခဲ့တယ်။”လို့ ရေတာရှည်မြို့နယ်အနောက်ခြမ်း PDO စစ်ရေးတာဝန်ခံ ကိုစနိုက်ပါက ပြောပါတယ်။
ဂိတ်စခန်းဖွင့်ထားတာ ၄ လကျော်ကြာပြီဖြစ်တဲ့ အဲ့ဒီဂိတ်ဟာ ခရီးသွားပြည်သူတွေဆီကနေ ငွေတောင်းခံတာ၊ ဖမ်းဆီးရိုက်နှက်တာတွေပြုလုပ်တဲ့အပြင် သိုင်းဝကျေးရွာအုပ်စုထဲမှာရှိတဲ့ ရွာပေါင်း ၁၂ ရွာက စစ်မှုထမ်းဖို့မဲပေါက်ထားတဲ့ ဒေသခံတွေဆီကနေလည်း ငွေကြေးအဆမတန်တောင်းတာမျိုးတွေ ပြုလုပ်တယ်လို့ အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။
“အဲဒီမှာဂိတ်ချပြီးတော့မှ စစ်ဆေးတယ်။ စစ်ဆေးတဲ့အပြင်ကို သူတို့မင်္သကာတဲ့လူတွေကို ဖမ်းဆီးတယ်၊ ရိုက်နှက်တယ်၊ ပါတဲ့ငွေတွေကို သိမ်းတယ်၊ အဲလိုမျိုးတွေလုပ်တယ်။ ပြည်သူလူထုတွေကိုလည်းပဲ သူတို့က လစဉ်လတိုင်း ပြည်သူ့စစ်ဥပဒေအရ စစ်မှုထမ်းရမယ်ဆိုတာ ပြောပြီးတော့ နာမည်ပေါက်ထားတဲ့လူ ၁ ယောက်ကို သိန်း ၅၀ ကနေ သိန်း ၇၀ အထိ ပေးသွင်းရတာမျိုးတွေရှိတယ်။” လို့ သူက ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ခဲ့တဲ့ အဲဒီနေ့ မနက် ၈ နာရီကျော်လောက်မှာတော့ စစ်ကောင်စီတပ်သား ၃၀ လောက်ကို ဂိတ်စခန်းနားတဝိုက်မှာ ကင်းပုန်းချထားသလို နောက်ထပ်စစ်ကောင်စီတပ်သားတွေကလည်း ကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်လာခဲ့တယ်လို့ထင်ရတဲ့ လမ်းကြောတလျှောက်ကို လိုက်လံရှာဖွေနေတာမျိုးတွေ ပြုလုပ်သွားတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကို ရေတာရှည်မြို့နယ်အနောက်ခြမ်းပကဖ စနိုက်ပါအဖွဲ့က ဦးဆောင်ပြီး အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး အလယ်ထူး ၉၉၁၈ တပ်ဖွဲ့ နဲ့ YDAF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
ရေတာရှည်မြို့နယ်အနောက်ခြမ်းတပ်ဖွဲ့ဟာ အောက်တိုဘာ ၁၉ ရက်ကလည်း ရေတာရှည်မြို့နယ်ရှိ ကျေးရွာတွေထဲကို သန်းခေါင်စာရင်းကောက်ယူဖို့လာတဲ့ စစ်ကြောင်းကို သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ပါသေးတယ်။
စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#ပဲခူး #ရေတာရှည် #စစ်တပ်ဂိတ် #တိုက်ခိုက်
Share Share Share