သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာရွာထိပ်မှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်းနဲ့ ကျောင်းစုရွာရှိ ပျူစောထီးခေါင်းဆောင် ၁ ဦးရဲ့နေအိမ်ကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းခဲ့တယ်လို့ ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဂျောင်းတာကျေးရွာအုပ်စုထဲမှာရှိတဲ့ အထက်ပါနေရာ ၂ ခုကို ဒီဇင်ဘာ ၂၂ ရက်မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တပြိုင်တည်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီဂိတ်စခန်းဟာ ကျေးရွာအုပ်စုထဲမှာရှိတဲ့ ကျေးရွာတွေနဲ့ အနီးဝန်းကျင်ရွာကဒေသခံတွေကို ငွေတောင်းနေတဲ့ဂိတ်တခုဖြစ်တယ်လို့ ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ချိန်မှာ အဆိုပါဂိတ်စခန်းမှာရှိနေတဲ့ ခမရ ၂၀ က တပ်သား ၂ ဦးနဲ့ ပျူစောထီး ၈ ဦးက ထွက်ပြေးသွားတာကြောင့် ကျန်ခဲ့တဲ့ MA 3 သေနတ် ၁ လက်၊ ရှေ့ထွက်မိုင်း ၁ လုံး၊ အီနာဂါဗုံးသီး ၂ လုံးနဲ့ ဒေသခံတွေဆီကငွေတောင်းထားတဲ့ စာရွက်စာတမ်းတချို့ကို သိမ်းဆည်းခဲ့ပြီး ဂိတ်ကိုလည်းမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
"ပြေးတာတော့ အင်းတွေထဲ ပတ်ပြေးဝင်သွားတာပါ။ အခု သေနတ်ပါသွားလို့ အဲ့ဂိတ်ကပျူတွေကို ၁ ယောက် ၁၃ သိန်းပေးရင်ပေး၊ မပေးရင် ထောင်ချမယ်လို့ စကစ ခြိမ်းခြောက်နေတယ်ကြားတယ်" လို့ ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံဖြိုးမောင်က ပြောပါတယ်။
ပျူစောထီးခေါင်းဆောင်နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာမှာလည်း လက်လုပ် ကိုးလုံးသေနတ် ၂ လက်၊ လက်လုပ်သေနတ်အတု ၂ လက် သိမ်းဆည်းခဲ့ပြီး ပျူစောထီးခေါင်းဆောင်အောင်စိုးမိုးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
ဂျောင်းတာကျေးရွာအုပ်စုဟာ ပျူစောထီးအင်အားကောင်းတဲ့ကျေးရွာအုပ်စုဖြစ်ပြီး စစ်အာဏာသိမ်းပြီးကတည်းက ဂျောင်းတောရွာထိပ်မှာ ပုံမှန်စစ်သားနဲ့ပျူစောထီးအင်အား ၁၀ ဦးနဲ့ ဂိတ်စခန်းဖွင့်ထားတာဖြစ်တယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA နဲ့ ပဲခူးခရိုင်ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ ဒိုက်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ ရန်ကုန်တိုင်းတိုက်ခိုက်ရေးတပ်ဖွဲ့ ၅ ၊ မအူပင်ခရိုင် ပကဖ၊ ဝေါမြို့နယ်ဆေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
အလားတူအဲ့ဒီမနက် ၂ နာရီလောက်မှာပဲ ရွှေကျင်မြို့နယ်၊ ဒုံဇရစ် ၅၈၉ တပ်ရင်းရဲ့ လက်နက်တိုက်နဲ့ ကင်းဂိတ်နေရာတွေကို Inntakaw People’s Defence Force - IPDF နဲ့ ကဝမြို့နယ်ဒရုန်းတပ်ဖွဲ့ကလည်း ဒရုန်းနဲ့ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်ကထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် ဒီတိုက်ခိုက်မှုတွေပြီးနောက် ဒီဇင်ဘာ ၂၃ ရက်ကစပြီး ညောင်လေးပင်နဲ့ ဝေါမြို့နယ် အစပ်ကျေးရွာတွေကို စစ်ကောင်စီကစစ်ကြောင်းထိုးနေတယ်လို့သိရပြီး နောက်ဆက်တွဲ အခြေအနေတွေကိုစောင့်ကြည့်နေတယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ပုံစာ - တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့သည့် ဂျောင်းတာရွာထိပ်ရှိ စစ်ကောင်စီဂိတ်စခန်းနှင့် သိမ်းဆည်းရရှိခဲ့သည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းများ။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ညောင်လေးပင် #စစ်တပ် #ပျူစောထီး #KNLA #လက်နက် #သိမ်းဆည်း
Share Share Share