စစ်တပ်စစ်ကြောင်းထိုးလို့ ရေဦးဒေသခံ ၃၀၀၀ ကျော်တိမ်းရှောင်ရ

စစ်တပ်စစ်ကြောင်းထိုးလို့ ရေဦးဒေသခံ ၃၀၀၀ ကျော်တိမ်းရှောင်ရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ကနေ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၅ ရက် မနက် ၆ နာရီလောက်ကစကာ အင်အား ၇၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံပြည်သူတွေ တိမ်းရှောင်နေရတယ်လို့ ရေဦးမြို့နယ်အခြေပြု People's Defense Force က ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။ 

ရေဦးမြို့နယ်အနောက်ခြမ်း ရေဦး - ဒီပဲယင်းလမ်းပေါ်က  ငြုတ္တုံ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ရွာမိဿာ၊ မူးဆုံ၊ အောင်သာ၊ ပျော်ဘွယ်နဲ့ မစိုးရိမ် စတဲ့ကျေးရွာတွေက ပြည်သူ ၃၀၀၀ ကျော် တိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

“မနက် စောစောစီးစီး ချမ်းချမ်းအေးအေးနဲ့ ထွက်ပြေးနေကြရတယ်။ အခုလိုစစ်ကြောင်းထိုးလာရင် အသက်လုပြီး ထပြေးကြရတာ။ သက်ကြီးရွယ်အိုတွေ ကလေးသူငယ်လေးတွေ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ မီးဖွားပြီးကာစ မိခင်တွေလည်း ပြေးရတာ” လို့ ကိုထူးခန့်ဇော်က ပြောပါတယ်။

ရွာတွေထဲကို ဝင်ရောက်စစ်ကြောင်းထိုးတာမဟုတ်ပေမဲ့ လက်နက်ကြီးတွေနဲ့ ပစ်လာနေလို့  ဒေသခံတွေက နွားလှည်းတွေ၊ ထော်လာဂျီတွေ၊ ဆိုင်ကယ်တွေနဲ့ တိမ်းရှောင်ကြရတာလို့ သူကဆက်ပြောပါတယ်။ 

အဲ့ဒီစစ်ကြောင်းဟာ ကန့်ဘလူမြို့နယ်၊ ကာဘိုးတိုက်နယ်ဘက်ကနေ ဒီဇင်ဘာ ၁၃ ရက်က ပြန်လာတာဖြစ်ပြီး  ၁၄ ရက်ညမှာ ရေဦးမြို့မှာ ညအိပ်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကြောင်းဟာ ရေဦးမြို့အနောက်ခြမ်းက ရေဦး - ဒီပဲယင်း ကားလမ်းပေါ်က မုတ်စီရွာ၊ မုတ်စီရွာနဲ့ မူးဆုံရွာကြားက ဆည်မြောင်း လက်တံအမှတ် ၃ ဘက်နဲ့ မူးဆုံရွာ ငါးကန်ဘက်ခြမ်းတွေမှာ နေရာယူထားပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ စစ်ရှောင်တွေဟာ ဘုန်းကြီးကျောင်းတွေ ဇရပ်တွေ နေအိမ်အချို့နဲ့ လယ်ကွင်းတွေမှာ ယာယီတဲထိုးကာ နေထိုင်နေကြရပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်ကလည်း ရေဦးမြို့နယ်ထဲက မုတ်ဆီရွာမှာ တပ်စွဲထားလို့ မုတ်ဆီ၊ ငြုတ္တုံ၊ ကုန်းကြီးရွာနဲ့ မူးဆုံရွာတွေ တိမ်းရှောင်ခဲ့ရပြီး စစ်ကြောင်းပြန်ထွက်ချိန် ရွာထဲပြန်လည် ဝင်ရောက်နေကာ အခုတခါ ထပ်မံတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။ 

ပုံစာ - ရေဦးမြို့နယ်က စစ်ရှောင်ပြည်သူများ။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရေဦး #စစ်ကောင်စီ #စစ်ကြောင်းထိုး #ဒေသခံထွက်ပြေး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10