စစ်တပ်နဲ့ပေါင်းပြီး လူငယ်တွေကိုဖမ်းဆီးနေတဲ့ ရာအိမ်မှူး သိန်းဦး နေအိမ်မှာပဲသတ်ခံရ

စစ်တပ်နဲ့ပေါင်းပြီး လူငယ်တွေကိုဖမ်းဆီးနေတဲ့ ရာအိမ်မှူး သိန်းဦး နေအိမ်မှာပဲသတ်ခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်စခန်းအုပ်စုက စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီး လူငယ်တွေကိုဖမ်းဆီးနေတဲ့ ရာအိမ်မှူး သိန်းဦး ကို BTZM GBK PDF တပ်ဖွဲ့က သွားရောက်ရှင်းလင်းခဲ့လို့ သေဆုံးခဲ့ပါတယ်။

ရာအိမ်မှူး သိန်းဦးဟာ ၂၀၂၂ ကတည်းက ရာအိမ်မှူးလုပ်ကိုင်နေတာဖြစ်ပြီး ကြို့ပင်ကောက်မြို့အထွက်နားမှာရှိတဲ့ သပြေရုံတံတားမှာ စစ်ကောင်စီတပ်သားတွေနဲ့အတူ အနီးနားရွာက ခရီးသွားဒေသခံလူငယ်တွေကိုဖမ်းပြီး ကျပ်သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းသလို ငွေကြေးနဲ့ ပြန်မရွေးနိုင်တဲ့သူတွေကို စစ်မှုထမ်းဖို့အတွက် ပို့တာမျိုးတွေပြုလုပ်တယ်လို့ ဆိုပါတယ်။

“ရာအိမ်မှူးသိန်းဦးကြောင့် အဖမ်းခံရတာကတော့ အယောက် ၃၀ နီးပါးရှိတယ်။ အဖမ်းခံရတဲ့ထဲမှာ ကာကွယ်ရေးအဖွဲ့ဝင်တွေလည်း မပါဘူး၊ ထောက်ပို့တွေလည်းမပါဘူး။ လူငယ်ပိုင်းတွေပဲ ဖမ်းတာ။” လို့  BTZM GBK PDF  ရဲ့ တပ်ဖွဲ့ခေါင်းဆောင်း ကိုတေဇမင်း က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်က ရာအိမ်မှူး သိန်းဦး ကို သွားရောက်ဖမ်းဆီးစဉ် ပြန်လည်ခုခံတဲ့အတွက် အခုလိုပစ်ခတ်ရှင်းလင်းလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ဆီကနေ လက်လုပ်လေသေနတ် ၁ လက်နဲ့ ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်။ သိန်းဦးကိုရှင်းလင်းဖို့အတွက် အချိန် ၂ ပတ်ကျော်ယူခဲ့ရတယ်လို့ ကိုတေဇမင်းက ဆက်ပြောပါတယ်။

“သူ့ကိုရှင်းလင်းဖို့က အချိန်ယူရတယ်။ ကျနော်ရဲဘော်တွေကို အဲ့နေရာကို အတွင်းကျကျလွှတ်ထားရတယ်။ လွှတ်ထားပြီးမှ ဒီလူကသေချာပြီလား ရာအိမ်မှူးလုပ်နေတဲ့သိန်းဦးက ပြည်သူ့ဘက်ကရပ်တည်နေလား စစ်**တွေဘက်က အမာခံလုပ်နေတာလားဆိုတာကို ကျနော်တို့ သတင်းအချက်အလက်တွေ ရအောင်ယူတယ်၊ ယူပြီးကာမှ အဲလိုမျိုးရှင်းလင်းခဲ့ရတာပါ ။” လို့သူက ဆိုပါတယ်။

ရာအိမ်မှူးသိန်းဦးနေတဲ့နေရာဟာ မြို့နဲ့လည်း နီးသလို သူ့ဆီသွားတဲ့လမ်းတွေမှာလည်း စစ်တပ်ဂိတ်တွေချထားတဲ့အတွက် ခက်ခက်ခဲခဲနဲ့ လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ တစ်ရက်တည်းမှာပဲ သိန်းဦးကိုရှင်းလင်းပြီး ကံကလေးရွာက ရာအိမ်မှူးကိုသွားရောက်ဖမ်းဆီးစဉ် သူဟာကြိုတင်ရှောင်ထားတဲ့အတွက် လွတ်မြောက်သွားခဲ့ပါတယ်။

BTZM GBK PDF တပ်ဖွဲ့တွေ ပြန်ဆုတ်ခွာပြီး ညပိုင်းလောက်ပိုင်းမှာ ကြို့ပင်စခန်းအုပ်စုထဲကို စစ်ကောင်စီတပ်သားတွေရောက်လာပြီ သိန်းဦးရဲ့အလောင်းကို လာရောက်သယ်သွားခဲ့ပါတယ်။ 

ကျန်အုပ်ချုပ်ရေးမှူးတွေနဲ့  ရွေးကောက်ပွဲတွေမှာ ပါဝင်လှုပ်ရှားနေတဲ့ဝန်ထမ်းတွေ စစ်ကောင်စီရဲ့ ထောက်တိုင်တွေ ဆက်လက်မလုပ်ဖို့ကိုလည်း ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

BTZM GBK PDF ပူးပေါင်းတပ်ဖွဲ့ဟာ သြဂုတ် ၂၅ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ကိုင်းအုပ်စု၊ ချောင်းခွရွာက အုပ်ချုပ်ရေးမှူး ရန်အောင်စိုး ကို ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#ပဲခူး #ကြို့ပင်ကောက် #ရာအိမ်မှူး #ပစ်ခတ်ရှင်းလင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10