စစ်တပ်နဲ့ပေါင်းသွားတဲ့ PDF ဦးဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့နယ်မြေတွေကို ၄ ရက်ကြာတိုက်ခိုက် နှစ်ဖက်အကျအဆုံးရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အခြေစိုက်၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ YOMA GBK PDF က တပ်ဖွဲ့ဝင် ၁ ဦး စစ်ကောင်စီထံ လက်နက်ချပူးပေါင်းပြီးနောက် စစ်တပ်ကို ဦးဆောင်ခေါ်လာပြီး စခန်းကိုလာရောက်တိုက်ခိုက်ခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်တပ်နဲ့ပေါင်းသွားတဲ့ YOMA GBK PDF တပ်ဖွဲ့ဝင်ဟောင်း စလိုင်း(ခ)လိုင်းယွန်းဦးဆောင်တဲ့ အင်အား ၉၀ ပါ စစ်ကောင်စီစစ်ကြောင်းနဲ့  တော်လှန်အင်အားစုပူးပေါင်းတပ်ဖွဲ့တွေဟာ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမတောင်ခြေမှာ ဇွန် ၁၂ ရက်ကနေ ၁၅ ရက်အထိ ၄ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ YOMA GBK PDF တပ်ခွဲမှူး ကိုကရင်လေးက  ပြောပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၁၈ ဦးခန့်ကျဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရခဲ့သလို တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅၊ ကြို့ပင်ကောက် Heroပြောက်ကျားတပ်ဖွဲ့က ရဲဘော် ၁ ဦး ကျဆုံးပြီး၊ တပ်ခွဲ ၁ YOMA GBK  PDF က ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ခိုက်မှုများအတွင်း YOMA GBK PDF စခန်းက တဲ ၃၂ လုံးခန့် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကန်နီရွာ၊ ဆင်တဲကုန်းရွာတွေက နေအိမ်တွေ ဇွန် ၁၃ ရက်ကနေ ၁၅ ရက် အတွင်းမှာ မီးရှို့သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ YOMA GBK PDF၊ တပ်ခွဲ ၂ Phoenix DF၊ တပ်ခွဲ ၄ (BRA)၊ တပ်ခွဲ ၅ ကြိုပင်ကောက် Horo ပြောက်ကျားတပ်ဖွဲ့၊  သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျား (အုတ်ဖို)၊ နတ်တလင်းမြို့နယ် ပကဖ၊ ဧရာညီနောင်စစ်ကြောင်း၊ ပဲခူးခရိုင် တပ်ရင်း ၃၇၀၁ တပ်ခွဲ ၂ BTZM GBK PDF နဲ့ ရိုးမညီနောင် မဟာမိတ်တပ်ပေါင်းစုတို့  ပူပေါင်းခဲ့တာလို့ သိရပါတယ်။ 

ဇွန် ၁၇ ရက် ဒီမနက် အထိတော့  စစ်ကောင်စီတပ်စစ်ကြောင်းဟာ အုတ်ဖိုမြို့နယ် ဝိုင်းရဲစခန်းမှာပဲ ရှိနေတယ်လို့ ဆိုပါတယ်။

စလိုင်း(ခ)လိုင်းယွန်းဟာ ဇွန် ၉ ရက်က စစ်ကောင်စီထံ လက်နက်ချ ဘက်ပြောင်းဝင်ရောက်သွားတာဖြစ်ပြီး ပူးပေါင်းချိန်မှာ YOMA GBK PDF တပ်ဖွဲ့က တပ်စိတ်မှူး အသေးလေးကို တပါတည်းခေါ်သွားခဲ့တာ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ပဲခူး #သာယာဝတီ #အုတ်ဖို #ပဲခူးရိုးမ #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10