စစ်တပ်နဲ့ပျူစောထီး စိုးမိုးထားတဲ့ရွာကို ကာကွယ်ရေးတပ်တွေ စီးနင်းစစ်ဆေး    ■ တိုက်ပွဲဖြစ်ပြီး စစ်တပ်ကဗုံးကြဲလို့ နေအိမ်တချို့ပျက်စီး

စစ်တပ်နဲ့ပျူစောထီး စိုးမိုးထားတဲ့ရွာကို ကာကွယ်ရေးတပ်တွေ စီးနင်းစစ်ဆေး ■ တိုက်ပွဲဖြစ်ပြီး စစ်တပ်ကဗုံးကြဲလို့ နေအိမ်တချို့ပျက်စီး

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ယမနေရွာအနီးမှာ အောက်တိုဘာ ၁၈ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ တိုက်ပွဲအတွင်းမှာပါဝင်တဲ့ ကန့်ဘလူခရိုင်အတွင်းမှ PDF တပ်ဖွဲ့ဝင် ၁ ဦးက ပြောပါတယ်။ 

ယမနေရွာထဲမှာ ပျူစောထီးခေါင်းဆောင်တွေရောက်နေတယ်လို့ သတင်းကြားတဲ့အတွက် မနက် ၅ နာရီခွဲလောက်မှာ ကန့်ဘလူခရိုင်တပ်ရင်း ၂၊ တပ်ရင်း ၄ တို့က အင်အား ၁၀၀ ကျော်နဲ့ ရွာထဲကို ၂ ဖွဲ့ခွဲဝင်ရောက်စီးနင်းခဲ့ပါတယ်။ 

ပစ်ခတ်မှုတွေဖြစ်လာနိုင်တဲ့အတွက် ၁ ဖွဲ့က ဒေသခံ ၁၀၀ လောက်ကို ဘေးလွတ်ရာနေရာဆီ ပြောင်းရွှေ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဝင်ပါပြီဆိုကတည်းက ဒေသခံတွေကို ဒီမှာတိုက်ပွဲဖြစ်တော့မယ် ထွက်ကြဆိုပြီးတော့ ထွက်ခိုင်းလိုက်တာ။ ကျနော်တို့ တအိမ်တက်တအိမ်ဆင်း ရှိသမျှပြည်သူတွေကို အကုန်လုံး သက်ကြီးရွယ်အိုပါမချန် ထိခိုက်မှာစိုးလို့ အကုန်လုံးကိုထုတ်လိုက်တယ်။” လို့ ကန့်ဘလူခရိုင်အတွင်းမှ PDF တပ်ဖွဲ့ဝင် ၁ ဦးကပြောပါတယ်။

တချိန်တည်းမှာပဲ ကျန် ၁ ဖွဲ့က စစ်ကောင်စီနဲ့ ပျူစောထီးတွေရှိနိုင်တဲ့ နေအိမ် ၂ အိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ဘယ်သူမှမရှိတဲ့အတွက် ပြန်ထွက်လာချိန် မနက် ၆ နာရီလောက်မှာ ရွာနဲ့မီတာ ၁၀၀ ဝန်းကျင်အကွာမှာရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့တွေက စတင်ပစ်ခတ်ခဲ့ရာက တိုက်ပွဲဖြစ်ခဲ့ကြတာပါ။  

အပြန်အလှန်ပစ်ခတ်မှုဖြစ်နေချိန် မနက် ၇ နာရီခွဲလောက်မှာ တံတားဦးလေတပ်ဘက်ကလာတဲ့ ဂျက်ဖိုက်တာ ၁ စီးကပစ်ကူပေးပြီး ၈ နာရီခွဲလောက်နဲ့ ၉ နာရီခွဲလောက်မှာတော့ ယမနေရွာထဲက ဒေသခံကာကွယ်ရေးတပ်တွေ ရှိနိုင်တဲ့နေရာတွေကို ဗုံး ၂ ကြိမ် ဗုံးကြဲချခဲ့တာလို့ ဆိုပါတယ်။ 

ဒေသခံကာကွယ်ရေးတပ်တွေ ရွာထဲကိုဝင်လာချိန်မှာလည်း စစ်ကောင်စီအဖွဲ့တွေနဲ့ ထိပ်တိုက်မတွေ့ရသလို ရွာထဲမှာလည်း မရှိကြဘူးလို့ ဆိုပါတယ်။ 

“သူတို့ ကြိုတင်သတင်းရတော့ တယောက်မှမနေတော့ဘူး။ ကျနော်တို့ ဝင်လာတာကိုသူတို့တွေ့ပြီး စပြီးပစ်ခတ်တယ်။ ကျနော်တို့လည်း ပြန်ပြီးပစ်တယ်။ လေယာဉ်နဲ့ နောက်ဆုံးပစ်လိုက်တဲ့အစီးက ရွာထဲကို ပစ်ထည့်လိုက်တာဆိုတော့ ကျတဲ့နေရာတွေမီးတွေ အကုန်လောင်ကုန်တာ။ ကျနော်တို့ရှိမယ် ထင်ပြီး နေအိမ်တွေပေါ်ကြဲချတာ။” လို့ သူက ဆက်ပြောပါတယ်။ 

ဗုံးကြဲလို့ ပျက်စီးသွားတဲ့ နေအိမ်အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။ 

ဒေသခံတွေတိမ်းရှောင်နေချိန်လည်း ကာကွယ်ရေးအဖွဲ့တွေက တော်လှန်ရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ကာကွယ်ရေးအဖွဲ့ဝင်တွေ လုပ်ဆောင်နေတဲ့အရာတွေကို ပြောကြားပေးခဲ့ပြီး အဲဒီထဲက သံသယရှိသူ ပြည်သူ ၂ ဦးကိုတော့ သီးသန့်မေးမြန်းမှုတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေထဲမှာတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ယမနေရွာက ပြည်သူတွေကို ရိုက်နှက်တာ၊ ရွာသားတွေရဲ့ပစ္စည်းတွေနဲ့ နွားတွေကို ယူဆောင်သွားတယ်လို့ ရေးသားထားပေမယ့် ခုလိုမျိုးတွေမလုပ်ခဲ့ဘူးလို့ PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။ 

“ကျနော်တို့ ဘာမှယူဆောင်သွားတာ မရှိဘူး။ ဒေသခံတွေကို ဖမ်းဆီးတာမျိုးလည်း မရှိဘူး။ ဒါပေမဲ့ လုံးလုံး သတင်းအတိအကျနဲ့ပြောထားတဲ့ ဒေသခံ ၂ ယောက်တော့ ဖမ်းပြီးစစ်ဆေးတာတော့ ရှိတယ်။ ရိုက်နှက်တာလည်းမရှိဘူး။ ကောင်းကောင်းမွန်မွန်ပဲ ပြောတယ်။ ကျန်တဲ့ပြည်သူတွေကိုလည်း ဘာမှမလုပ်ဘူး။ ဖမ်းတာလည်းမဟုတ်ဘူး။ သူတို့(စစ်ကောင်စီ)နဲ့ လွတ်လွတ်ကင်းကင်းနေလို့ရမယ့် နေရာကိုခေါ်ပြီးတော့မှမေးတယ်။ ပြီးတော့ သူတို့ကို အကုန်ပြန်လွှတ်ပေးလိုက်တယ်။” လို့ ဆိုပါတယ်။

ပစ်ခတ်မှုတွေအပြီး မနက် ၁၁ နာရီလောက်မှာ ဒေသခံကာကွယ်ရေးတပ်တွေဟာ ရွာကနေ ပြန်ထွက်လာခဲ့ကြတယ်လို့ သိရပါတယ်။ 

ယမနေကျေးအနီးမှာ စစ်ကောင်စီနဲ့ ရွာခံပျူစောထီးတွေတပ်စွဲနေထိုင်နေပြီး ပျူစောထီးတွေကိုလည်း စစ်တပ်က လက်နက်တပ်ဆင်ပေးထားတာလို့ သိရပါတယ်။  

ပုံစာ - အောက်တိုဘာ ၁၈ ရက်တွင် ယမနေရွာသားများနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ အတူရှိနေစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #စစ်ကောင်စီ #PDF #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10