စစ်တပ်နဲ့ ပတ်သက်ခြင်းမလုပ်ဖို့ PDF ရဲ့ တောင်းပန်ချက် သင်္ခရိုင်ကျောင်းဆရာတော် တု့န်ပြန်ရှင်းလင်း

စစ်တပ်နဲ့ ပတ်သက်ခြင်းမလုပ်ဖို့ PDF ရဲ့ တောင်းပန်ချက် သင်္ခရိုင်ကျောင်းဆရာတော် တု့န်ပြန်ရှင်းလင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ အရှေ့သင်္ခရိုင်မေတ္တာရိပ်ပရဟိတကျောင်းဆရာတော်ကို စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်တာတွေ ပြုလုပ်နေတယ်ဆိုကာ ဖေဖေါ်ဝါရီလ ၁၉ ရက်က Black Dragon PDF ရဲ့ သတင်းထုတ်ပြန် တောင်းပန်လျှောက်ထားမှုအပေါ် ဆရာတော်က မဟုတ်မှန်ကြောင်း မြေလတ်အသံကို  ငြင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီဘက်က ကျောင်းမှာ အထိုင်ချတပ်စွဲတာမျိုး မရှိသလို အကြောင်းကြားတာမျိုးလည်းမရှိဘဲ နိုင်ငံရေးနဲ့ပတ်သက်ဆက်နွယ်တာမျိုး မရှိဘူးလို့ ဆရာတော်ဦးသုမနက ပြောပါတယ်။

"ဦးပဥ္ဇင်းက စစ်ကောင်စီနဲ့လည်း အရောတဝင်မနေဘူး။ ဦးပဥ္ဇင်းကျောင်းက တောင်ပေါ်မှာဆိုတော့ ရှေ့ကနေ ဖြတ်သွားဖြတ်လာ လုပ်တာတော့ ရှိတယ်။ ဘယ်သူတွေက လုပ်လိုက်သလဲတော့ မသိဘူး။ စစ်တပ်ကလည်း မလာဘူး။ ဘာမှလည်း မပြောရဘူး" လို့ ပြောပါတယ်။

နိုင်ငံရေးလောကကို မဝင်တာကြောင့် ဘယ်ဘက်အဖွဲ့အစည်းကမှ ကျောင်းကိုလာတာမျိုး မရှိဘူးလို့ ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။

ကြို့ပင်ကောက်မြို့နယ် ဒေသခံတဦးကလည်း ဆရာတော်ဟာ ပရဟိတလုပ်တာက လွဲပြီး ကျန်တဲ့ကိစ္စတွေမှာ ပါဝင်ခြင်းမရှိသလို စစ်တပ်အဖွဲ့ဝင်တွေနဲ့ ဆက်ဆံတာမျိုးတော့ မကြားမိဘူးလို့ ပြောပါတယ်။

Black Dragon PDF တောင်းပန်လျှောက်ထားစာတွင် ဆရာတော်၏ ပရဟိတ လုပ်ဆောင်နေမှုအား တန်ဖိုးထား ကြည်ညိုလေးစားကြောင်းနဲ့  သံဃဝိနည်း၊ သံဃကိစ္စနဲ့ ပရဟိတအကျိုးကိုသာ ဆောင်ကြဥ်းတော်မူပါရန်နဲ့ မသက်ဆိုင်သော အရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုပါရန် ရိုသေစွာ တောင်းပန်လျှောက်ထားပါတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဆရာတော်ဟာ PDF တွေကို စစ်ကောင်စီထံ သတင်းပေးတာ ကျောင်းကိုခေါ်ယူပြီး တပ်စခန်း အထိုင်ချစေတာတွေ လုပ်ဆောင်နေတယ်လို့ ကြားသိရကြောင်း လျှောက်ထားစာမှာ ဆက်လက်ဖော်ပြထားပါသေးတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၉ ရက်ည ၈ နာရီခွဲလောက်ကတော့ အိမ်ခြေ ၁၀၀ လောက်ရှိတဲ့ သင်္ခရိုင်ရွာက ပျူစောထီးအိမ် ၂၀ လောက်ကို Black Dragon PDFက ဝင်ရောက်စီးနင်းတာတွေပြုလုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

"သင်္ခရိုင်ကျေးရွာ ပျူရွာလို့ နာမည်ကြီးနေပြီး တိုင်ကြားစာတွေ ရောက်နေလို့ ကျနော်တို့ ရွာကို ဝင်စီးခဲ့ပါသေးတယ်။ ပျူအိမ်တွေကို ပစ်မှတ်ထား ဝင်စီးတာပါ။ ဆရာတော်နဲ့ကျောင်းကိုတော့ ဝင်တာမျိုး မရှိပါဘူး။ ပျူစောထီးတွေပြေးလို့ ကျန်နေတဲ့ မိသားစုတွေကိုတော့ နုတ်ထွက်စာတင်ပါ။ နုတ်ထွက်စာမတင်ရင် ကျနော်တို့ နောက်တခါဆို ပျူခေါင်းဆောင်ရော ပျူနောက်လိုက်ပါ မချန်ဖူးလို့ ပြောခဲ့ပါတယ်" လို့ Black Dragon PDF ရဲ့တာဝန်ရှိသူက ပြောပါတယ်။

ဆရာတော်ကို တောင်းပန်းလျှောက်ထားတဲ့သဘော စာထုတ်တာဖြစ်ပြီး ဘာသာ၊ သာသနာနဲ့ ပြည်သူလူထုကို ထိခိုက်ခွင့် ခြိမ်းခြောက်ခွင့် မရှိဘူးလို့ သူကဆက်ပြောပါတယ်။

"ပရဟိတလုပ်တာ အရမ်းအောင်မြင်နေတော့ ဒေသပြည်သူတွေက သည်းသည်းလှုပ်ဖြစ်နေတဲ့အခါကြတော့ သူ့တခုခု လုပ်ရတာလည်း အခက်ပေါ့။ သူကလည်း ဒလန်လုပ်လိုက် ဘာလုပ်လိုက်သဘောမျိုး လုပ်နေတော့ PDF တွေအတွက်လည်း နစ်နာတယ်။ သူ့ကိုအရေးယူရင်လည်း ဒေသက ပြည်သူတွေက PDF ကို ငြိုငြင်သွားတာမျိုး ဖြစ်လာနိုင်တယ်။ အဲ့အတွက် ကိုင်တွယ်ရတာ ကျပ်နေတယ်ဆိုတာမျိုး ဖြစ်နေတာပေါ့" ဟု ပဲခူးတိုင်းအနောက်ခြမ်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

လက်ရှိတွင်သင်္ခရိုင်ပရဟိတကျောင်းမှာ  မိဘမဲ့ကျောင်းသားကျောင်းသူ ၃၅၈ ဦး၊ စေတနာ့ဝန်ထမ်း ဆရာဆရာမ ၁၃ ဦးနဲ့ ပညာသင်ကြားပေးနေပြီး အဲဒီကျောင်းကို ၂၀၁၀/၂၀၁၁ ပညာသင်နှစ်က သာသနာတော် ထွန်းကားပြန့်ပွားရေးအသင်းက ဖွင့်လှစ်ပေးခဲ့တာလို့ ဆရာတော်ဆီက သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10