သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ နှစ်အရွယ်ကလေး ၁ ဦးအပါ ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
နတ်တလင်းမြို့နယ်၊ ကျောက်ပြုတ်ရွာအနီးမှာ ယာယီတပ်စွဲထားတဲ့ စစ်အုပ်စုဝင်တွေက ဒီဇင်ဘာ ၂ ရက်နေ့လယ်ပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဆီဆုံကုန်းရွာကိုကျရောက်ပြီး ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ကြတာပါ။
သေဆုံးသူဟာ ဆီဆုံကုန်းရွာက အသက် ၃၈ နှစ်အရွယ် ဒေါ်စိုးစိုးဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ အသက် ၆၅ နှစ်အရွယ် ဒေါ်သန်းညွန့်၊ အသက် ၁၂ နှစ်အရွယ် မနှင်းသဇင်၊ အသက် ၂ နှစ်ရွယ် မောင်ထက်ဘုန်းရှိန်၊ အသက် ၄၀ နှစ်အရွယ်တွေဖြစ်တဲ့ ဒေါ်ယုယုနဲ့ ဒေါ်သင်းသင်းဦး၊ ဒေါ်ဌေးဌေးမော်နဲ့ ၎င်းရဲ့ သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ် မအေးမြတ်သူ၊ အသက် ၁၆ နှစ်အရွယ် မဆုနှင်းဝေတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
“တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့သပ်သပ် ဆီဆုံကုန်းရွာကို ဒရုန်းနဲ့ဝဲပြီး လက်နက်ကြီးနဲ့ပစ်တာပါ။ အဲ့လိုပစ်နေလို့ ထွက်ပြေးတိမ်းရှောင်ရင်း လမ်းမှာပဲကျည်စထိသေဆုံးတာနဲ့ ဒဏ်ရာရကုန်ကြတာ။”လို့ တပ်ရင်း ၃၈၀၁ တပ်ရင်းမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၃ ရက်ညကလည်း စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်နေပြီး ဒရုန်းနဲ့လည်း ဗုံးသီးကြဲချတာတွေရှိခဲ့ကာ ထိခိုက်ပျက်စီးမှုတွေတော့မရှိဘူးလို့ ဆိုပါတယ်။
ဒေသခံရွာသားတဦးကလည်း စစ်တပ်ကလက်နက်ကြီးပစ်လို့ သေဆုံးဒဏ်ရာရတာဟာ အခုဖြစ်စဉ်က ပထမဆုံးဖြစ်ပြီး ဒီဇင်ဘာ ၄ ရက် ဒီနေ့မှာတော့ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာမျိုးမရှိပေမယ့် ကျေးရွာသားတွေရွာထဲကို ပြန်မဝင်သေးဘူးလို့ ပြောပါတယ်။
နတ်တလင်းမြို့ခံနောက်တဦးကလည်း ဆီဆုံကုန်းကျေးရွာက ထိခိုက်ဒဏ်ရာရသူတွေကို နတ်တလင်းမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ထားသူတွေရှိသလို ပြင်းထန်ဒဏ်ရာရသူတွေကို ရွှေတောင်ကုတင် ၁၀၀ ဆေးရုံကို ပို့ထားတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၃ ရက်ကလည်း နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်အထက်က ကုန်းသာအုပ်စု၊ လေးအိမ်တန်းရွာက လူငယ်အမျိုးသား ၁ ဦး အဲဒီရွာအနီးမှာပဲ နွားကျောင်းနေချိန် စစ်တပ်ကထောင်တဲ့ မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ဒီဇင်ဘာ ၃ ရက်အထိ စစ်ကောင်စီနဲ့၎င်းရဲ့လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူ စုစုပေါင်း ၆၀၀၇ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။
ပုံစာ - လက်နက်ကြီးကျည်ကျလို့ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများ။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #နတ်တလင်း #စစ်ကောင်စီ #လက်နက်ကြီးပစ် #ဒေသခံသေဆုံး
Share Share Share