စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိလို့ ၁၃ နှစ်အရွယ်ကလေးအပါ ပြည်သူ ၄ ဦးသေဆုံး

စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိလို့ ၁၃ နှစ်အရွယ်ကလေးအပါ ပြည်သူ ၄ ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဧပြီ ၉ ရက်နဲ့ ၁၀ ရက် နှစ်ရက်ဆက်တိုက် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဧပြီ ၉ ရက် ည ၈ နာရီလောက်မှာ ရွှေဘောင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ မရိုးကုန်းရွာဘုန်းကြီးကျောင်းအနီးက နေအိမ်တလုံးကိုထိမှန်ပြီး အဲ့ဒီအိမ်က အမျိုးသမီးတဦး ခြေထောက်ကို ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ ဧပြီ ၁၀ ရက်ဒီမနက် ၈ နာရီခွဲလောက်မှာလည်း ရွှေချောင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက ၈၁ မမလက်နက်ကြီး ၄ လုံး နဲ့ ပစ်ခတ်ခဲ့ရာ ၃ လုံးမှာ အဲ့ဒီရွာနဲ့ ၁ မိုင်လောက်ဝေးတဲ့ အောက်တောင်ကိုင်းကျေးရွာထဲကို ကျရောက်ပေါက်ကွဲပြီး မဝင်းစန်း ၄၉ နှစ်၊ သားဖြစ်သူ မောင်ရဲမင်းခန့် ၁၃ နှစ်၊ မောင်ဖိုးသင်္ကြန် ၁၄ နှစ်နဲ့ ဦးညွန့်ခင် ၆၆ နှစ်တို့ လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး ၁၃ နှစ်အရွယ် ကလေးတဦးလည်း ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

သေဆုံးသူတွေထဲမှာ ဦးညွန့်ခင်ကတော့ မတ္တရာမြို့ပေါ်ကနေ အောက်တောင်ကိုင်းကျေးရွာကို နွားနို့လာရောင်းချိန်မှာ ထိမှန်သေဆုံးခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတဲ့ ကလေးတဦးကတော့ စိုးရိမ်ရတဲ့ အခြေနေမဟုတ်ဘူးလို့ ဆိုပါတယ်။

“သူတို့ (စစ်ကောင်စီ)က ရွှေဘောင်ရွာမှာ အထိုင်ချထားတာမဟုတ်ဘူး။ ဒီအတိုင်း ကားနဲ့လာလာပြီးတော့ လက်နက်ကြီးတွေ လာပစ်တာ၊ လက်နက်ကြီးနဲ့ ပစ်နေတာ ၃ ရက်ရှိပြီ။ ၈ ရက်နေ့က ပစ်လိုက်တဲ့ လက်နက်ကြီးကတော့ လူထိခိုက်တာမရှိဘူး။ မနေ့ကနဲ့ ဒီနေ့ပစ်လိုက်တဲ့ လက်နက်ကြီးမှ လူထိခိုက်တာ” လို့ ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံတဦးက ပြောပါတယ်။

လက်နက်ကြီးထိမှန်သေဆုံးခဲ့တဲ့ ပြည်သူ ၄ ဦးကို ရွာသားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီနေ့လယ် ၁၂ နာရီလောက်မှာ သင်္ဂြိုဟ်ပေးလိုက်တယ် သူကဆက်ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် အောက်တောင်ပိုင်းနဲ့ ဆောက်ချုံပေါက်အပါအဝင် အနီးရှိကျေးရွာအချို့က ဒေသခံတွေလည်း ရွာကနေတိမ်းရှောင်နေရတာ ၂ လကျော်လောက်ရှိပြီလို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။ 

ဒါ့အပြင်ဧပြီ ၅ ရက်ကလည်း မတ္တရာမြို့နယ်၊ ရွှေချောင်းကျေးရွာက စစ်ကောင်စီတပ်သားတွေနဲ့ ငယ်တိုးရွာက စစ်ကောင်စီတပ်သား အင်းအား ၁၀၀ ကျော်လောက်က ဆောက်ချုံပေါက်ကျေးရွာထဲကိုဝင်ရောက်လာပြီး အဲ့ဒီရွာက နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ပုံစာ - လက်နက်ကြီးထိမှန်သေဆုံးခဲ့သူများ။

စာတည်း - လင်း

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #စစ်ကောင်စီ #လက်နက်ကြီးပစ် #ဒေသခံသေဆုံး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10