သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စုအတွင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်နှက်ခြောက်လှန့်တာတွေလုပ်ဆောင်နေလို့ ကျေးရွာအုပ်စုအတွင်းက စစ်ဘေးရှောင်တွေမှာ အခက်တွေ့ နေရတယ်လို့ စစ်ရှောင်ပြည်သူတဦးထံက သိရပါတယ်။
စစ်ဘေးရှောင်ရင်း ဖား၊ ငါးရှာဖွေစားသောက်နေသူတွေနဲ့ ဝါးချိုး၊ မျှစ်ချိုးလုပ်သူတွေကို ဖမ်းဆီးရိုက်နှက်တာ၊ သေနတ်နဲ့ ပစ်ခတ်ခြောက်လှန့်တာတွေ ရှိနေသလို ရွာနီးနားက ဈေးဆိုင်တွေကို ဈေးဝယ်သွားရောက်သူတွေကိုလည်း ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေလို့ သွားလာရမလွယ်ကူဘဲ အခက်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
" ဆည်ထဲ ငါးရှာဖားရှာတော့လည်း သေနတ်ဖောက်ခြောက်လှန့်တယ်။ ရိုက်နှက်ခံရတာလည်းရှိတော့ ဆည်လည်းမသွားရဲကြဘူး။ ဒီနားရွာက ကုန်စုံဆိုင်တွေမှာ စျေးဝယ်တော့လည်း စစ်ဆေးမေးမြန်းတော့ မသွားရဲဘူး ဖြစ်နေတယ်။ မထင်ရင်မထင်သလို ရိုက်တယ်။ ရှိတာပဲ ဝမ်းဝရုံမျှတစားနေရတယ်" လို့ စစ်ရှောင်အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။
ယခင်က စစ်ရှောင်ပြည်သူတွေဟာ အုတ်ဖိုမြို့နယ်မှာရှိတဲ့ ဂမုန်းဆည်ကိုအားပြုပြီး ငါးဖမ်းတာ၊ ပုဇွန်မြှုံးထောင်တာ၊ ဖားရိုက်တာတွေ၊ တောထဲမှာ ဝါးခုတ်၊ မျှစ်ချိုးရောင်းချတာတွေနဲ့ တခြားကြုံရာကျပန်း အလုပ်တွေကို လုပ်ကိုင်အသက်မွေးနေရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က ဝိုင်းကျေးရွာမှာ အထိုင်ချတပ်စွဲထားပြီး အဲ့ဒီရွာအနီးတဝိုက်မှာ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေကို ဖမ်းဆီးရိုက်နှက်တာတွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
ဝိုင်းကျေးရွာအုပ်စုအတွင်းမှာ ရေပြာ၊ ကမ်းနီ၊ ချောင်းစောက်၊ တာဝါကုန်း၊ တာဝါတိုင်၊ ဝိုင်း စတဲ့ရွာတွေက စစ်ဘေးရှောင် ၂၀၀ ခန့်ရှိနေပြီး အဲ့ဒီကျေးရွာတွေကို စစ်ကောင်စီတပ်က နေအိမ်မီးရှို့ဖျက်ဆီးတာ၊ ကျေးရွာတွင်းဝင်ရောက် ဖမ်းဆီးနှိပ်စက်တာတွေ မကြာခဏလုပ်ဆောင်နေလို့ ဘေးလွတ်ရာကို ထွက်ပြေးနေရတာလို့ သူက ဆက်ပြောပါတယ်။
အုတ်ဖိုမြို့နယ်အတွင်းရှိ PDF တပ်ဖွဲ့အနေနဲ့လည်း စစ်ရှောင်ပြည်သူတွေ စားဝတ်နေရေးခက်ခဲနေလို့ အမိုးအကာ ၊ ရိက္ခာ ၊ ဆေးဝါးတချို့နဲ့ စားဖို့အသီးအနှံတွေလည်း တတ်နိုင်တဲ့ဘက်က ကူညီထောက်ပံနေတယ်လို့ တပ်ဖွဲ့ဝင်တဦးထံက သိရပါတယ်။
ပုံစာ - အုတ်ဖိုမြို့နယ်တွင်း စစ်ဘေးရှောင်ဒေသခံအချို့အား တွေ့ရပုံ။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#ပဲခူး #အုတ်ဖို #စစ်ဘေးရှောင် #အခက်တွေ့ #စားဝတ်နေရေး #စစ်ကောင်စီတပ် #ဖမ်းဆီးရိုက်နှက် #PDF
Share Share Share