စစ်တပ်ဝင်ဖျက်လို့ ရှင်ပြုအလှူပွဲပျက်ပြီး မောင်ရှင်လောင်း သင်္ကန်းမစည်းလိုက်ရ

စစ်တပ်ဝင်ဖျက်လို့ ရှင်ပြုအလှူပွဲပျက်ပြီး မောင်ရှင်လောင်း သင်္ကန်းမစည်းလိုက်ရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကြောင်သန်းကျေးရွာမှာ ရှင်ပြုအလှူပွဲ ပြုလုပ်နေချိန် ဖေဖော်ဝါရီ ၂၁ ရက်မှာ စစ်တပ်စစ်ကြောင်းဝင်လာတာကြောင့် ရွာသူရွာသားတွေ ထွက်ပြေးခဲ့ရပြီး အလှူပွဲပျက်ကာ မောင်ရှင်လောင်းဖြစ်သူဟာ သင်္ကန်းမစည်းလိုက်ရဘူးလို့ ကြောင်သန်းရွာသားတွေက ပြောပါတယ်။ 

ယောက်ျားလေးတဦးကို ရှင်ပြုပြီး မိန်းကလေးတဦးကို နားသဖို့ ရှင်ပြုအလှူပြုလုပ်ရာမှာ ရွာထဲကို စစ်ကောင်စီစစ်ကြောင်းဝင်လာတဲ့အတွက် တရားနာ၊ ရေစက်ချတာ မလုပ်လိုက်ရတဲ့အပြင် မောင်ရှင်လောင်းလည်း သင်္ကန်းမစည်းလိုက်ရဘဲ အလှူပွဲ ပျက်သွားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အလှူရှင်တွေဟာ နှစ်ကာလအတော်ကြာအောင် တောင်သူလုပ်ငန်းလုပ်ကိုင်ကာ ငွေကြေးစုဆောင်းခဲ့ရပြီး ရှင်ပြုအလှူပွဲကျင်းပဖို့ နေ့ကောင်းရက်မြတ်ရွေးကာ သံဃာတော်တွေကို ပင့်ဖိတ်ပြီး ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ 

"စစ်ကြောင်းက အနီးနားရောက်မယ်လို့ ဘယ်ထင်ပါ့မလဲ။ အလှူရှင်မိသားစုတွေအတွက် ပွဲပျက်သွားတော့ စိတ်မကောင်းဖြစ်ကြရတယ်" ကြောင်သန်းရွာသားတဦးက ပြောပါတယ်။

ရှင်ပြုအလှူပွဲကိုဖျက်ခဲ့တဲ့ စစ်ကြောင်းဟာ ပုလဲမြို့ပေါ်က ထွက်လာတဲ့ ခလရ ၇၀၃ နဲ့ ၇၀၄ တပ်ရင်းဖြစ်ပြီး အဲဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၈ ရက်က ကုက္ကိုကုန်းရွာနဲ့ ၁၉ ရက်၊ ၂၀ ရက်မှာ စေတီယျုံကျေးရွာတွေမှာ ညအိပ်တပ်စွဲခဲ့ပါတယ်။ 

စစ်တပ်က စေတီယျုံရွာမှာ ညအိပ်တပ်စွဲနေချိန် အဲဒီရွာနဲ့ ၁ မိုင်ခန့်သာ ကွာဝေးတဲ့ ကြောင်သန်းရွာရှင်ပြုအလှူပွဲက ရှင်လောင်းလှည့်တာနဲ့ ရွာလုံးကျွတ်ထမင်းဖိတ်ကျွေးတဲ့အခါ အသံချဲ့စက်ဖွင့်တာကို ကြားခဲ့ရာမှ အခုလို အလှူပွဲဖျက်ခံလိုက်ရတာဖြစ်တယ်လို့ ကြောင်သန်းရွာက ဒေသခံတွေက ပြောပါတယ်။ 

စစ်တပ်ဟာ ဖေဖော်ဝါရီ ၂၁ မနက် ၈ နာရီခန့်မှာ ကြောင်သန်းကျေးရွာထဲကို သေနတ်တွေ ပစ်ဖောက်ပြီးဝင်လာတာကြောင့် ရှင်ပြုအလှူမှာ ထမင်းစားသောက်နေကြတဲ့ ရွာခံတွေဟာ ထမင်းပွဲတွေထားပြီး ချက်ချင်းထွက်ပြေးခဲ့ရတာလို့ ဆိုပါတယ်။ 

"သေနတ်သံကြားတော့ ထမင်းစားရင်း ရုန်းရင်းဆန်ခတ်နဲ့ ပြေးရတာပေါ့။ ပြေးလွှားရင်း ထိခိုက်မိတာ နဖူးကွဲ၊ ဒူးပြဲတာတွေဖြစ်ကြတယ်။ ဆိုင်ကယ်လဲတဲ့ သူကလဲတယ်။ ခြေဦးတည့်ရာ ပြေးကြရတယ်" လို့ ကြောင်သန်းရွာသားတဦးက ပြောပါတယ်။

အလှူပွဲမှာ ထမင်းကျွေးချိန် လာရောက်စားသောက်နေကြတာဖြစ်လို့ အိမ်တွေကို ဒီအတိုင်းထားကာ ထွက်ပြေးကြရတာဖြစ်ပြီး ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းသူတွေက အလှူအိမ်နဲ့ ရွာအတွင်းမှာ ကျန်နေခဲ့ကြတယ်လို့ ဆိုပါတယ်။

"အလှူအိမ်နဲ့ ရွာထဲမှာ ကျန်ခဲ့သူတွေကို စစ်သားတွေက ရွာအပြင်ကို ထွက်ခိုင်းတယ်။ လူတွေကို နှိပ်စက်၊ သတ်ဖြတ်တာ မလုပ်သွားပါဘူး။ အိမ်တွေမှာ ရှိတဲ့ ရွှေ၊ ငွေနဲ့ တခြားပစ္စည်းတွေကိုတော့  ယူသွားကြတယ်" လို့ ရွာသားတဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ် ၁၂ နာရီခန့်မှာ စစ်တပ်က ပြည်သူပိုင်ပစ္စည်းမျိုးစုံကို လှည်းတွေနဲ့သယ်ဆောင်ကာ ကြောင်သန်းရွာအနောက်ဘက် ၃ မိုင်ခန့်ဝေးတဲ့ အိုးဘိုရွာနဲ့ ငှက်ပျောတောရွာကို ဝင်ရောက်သွားချိန် ဇီးဖြူကုန်းရွာမှ ပျူစောထီးတွေကလည်း ကြောင်သန်းရွာက ဒေသခံတွေရဲ့ ပစ္စည်းနဲ့ စားစရာတွေကို လှည်းတွေနဲ့ သယ်ယူသွားကြတယ်လို့ သိရပါတယ်။

ပုံစာ - ပုလဲနယ်မှ စစ်ရှောင်များ (ပုံဟောင်း)။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပုလဲမြို့နယ် #ကြောင်သန်းကျေးရွာ #ရှင်ပြုအလှူ #စစ်တပ်စစ်ကြောင်း #မောင်ရှင်လောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10