စစ်မြေပြင်က ကျန်းမာရေးကွန်ရက် “ဆေးတခါရဖို့ သုံးလလောက် တောင့်ခံပြီး စောင့်ခဲ့ရဖူးတယ်” (ဆောင်းပါး)

စစ်မြေပြင်က ကျန်းမာရေးကွန်ရက် “ဆေးတခါရဖို့ သုံးလလောက် တောင့်ခံပြီး စောင့်ခဲ့ရဖူးတယ်” (ဆောင်းပါး)

အဖြူရောင်ကြွေပြားတွေ ပတ်လည်ကပ်ထားတဲ့ အခန်းရဲ့ထောင့်မှာရှိတဲ့ လေးထောင့်စတီးစားပွဲပေါ်က မွေးကင်းစ ကလေးငယ်ရဲ့ စူးစူးဝါးအော်ငိုသံဟာ အခန်းတခုလုံးကို လွှမ်းခြုံထားပါတယ်။

အစိမ်းရောင် ခွဲခန်းဝတ်ရုံနဲ့ လက်အိတ်ဝတ်ထားတဲ့ အမျိုးသမီး ၂ ဦးက ချက်ကြိုးတွဲလောင်းနဲ့ မျက်လုံးမပွင့်သေးဘဲ အော်ငိုနေတဲ့ ဒီကလေးရဲ့ ချက်ကြိုးကို ဖြတ်လိုက်ပြီး အနှီးဖြူစတွေနဲ့ ကပြာကယာ ပွတ်သပ် သန့်ရှင်းရေးလုပ်ပေးနေပါတယ်။ 

ဘေးတဖက်မှာတော့ လူ ၇ ယောက်လောက်ဟာ ကုတင်ပေါ်က ကလေးမိခင်ရဲ့ အခွဲခံထားရတဲ့ ဗိုက်ကို ကျွမ်းကျင်ပိုင်နိုင်စွာပဲ ခပ်သွက်သွက် ပြန်ချုပ်နေကြပါတယ်။ 

People’s Healthcare Network - Kalay မှ ကျန်းမာရေးဝန်ထမ်းများ ကလေးမီးဖွားပေးနေစဉ်။
People’s Healthcare Network - Kalay မှ ကျန်းမာရေးဝန်ထမ်းများ ခွဲစိတ်ခန်းဝင်နေစဉ်။

ဒီသားဖွားခန်းဟာ အာဏာသိမ်းစစ်တပ်နဲ့ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေ အကြီးအကျယ်တိုက်ပွဲဖြစ်နေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်က ဆေးရုံတခုမှာဖြစ်ပါတယ်။ 

သားဖွားခန်းထဲမှာ ဗိုက်ခွဲပြီး ကလေးမွေးပေးနေတဲ့ သူတွေဟာ မင်းအောင်လှိုင်ဦးဆောင်တဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ CDM လုပ်ထားတဲ့ ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးလုပ်သားတွေ ဖြစ်ကြပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုကို အကြောင်းပြကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ မြန်မာစစ်တပ် ဟာ တိုင်းပြည်အာဏာကို သိမ်းယူပြီးတဲ့နောက် နိုင်ငံအနှံ့ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အသီးသီးပေါ်ပေါ်ပေါက်လာခဲ့ပါတယ်။ 

ကိုဗစ်ကပ်ရောဂါကာလမှာ စွမ်းစွမ်းတမံကြိုးစားခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာလည်း အလုပ်မဆင်းဘဲ အကြမ်းမဖက်အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုကို အာဏာသိမ်းပြီး သီတင်းပတ် ၁ ပတ်လောက်အကြာမှာ တက်ညီလက်ညီ စတင်လိုက်ကြပါတယ်။

တနိုင်ငံလုံးက ကျန်းမာရေးဝန်ထမ်း ၈၀ ရာခိုင်နှုန်းလောက်က စတင်လိုက်တဲ့ CDM လှုပ်ရှားမှုဟာ တခြားသောနယ်ပယ်က ပြည်သူ့ဝန်ထမ်းတွေအထိ ပျံ့နှံ့သွားပြီး အာဏာသိမ်းစစ်ခေါင်းဆောင်တွေအတွက် အကြီးအကျယ် အကျပ်ရိုက်သွားစေခဲ့ပါတယ်။ 

နောက်ပိုင်းမှာ CDM ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် အခြား CDM ဝန်ထမ်းတွေကို အာဏာသိမ်းစစ်တပ်က အတင်းအကြပ်ဖိအားပေးရုံးတက်ခိုင်းတာနဲ့ ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းတာတွေလုပ်လာခဲ့ပါတယ်။ 

အာဏာသိမ်းစ ၁ နှစ်အတွင်းမှာတင် စစ်ကောင်စီက ကျန်းမာရေးလုပ်သား ၄၀ ဦးခန့်ကို သတ်ဖြတ်ခဲ့ပြီး ၃၆၂ ဦးကို ဖမ်းဆီးခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းမှာတော့  ဒေသခံတွေက အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကို သူတို့ရပ်ရွာ တွေမှာပဲ ရရာလက်နက်ကိုင်စွဲပြီး အစောဆုံးဆန့်ကျင်တွန်းလှန်ခဲ့ရာ တိုက်ပွဲတွေ တစတစဖြစ်ပွားလာခဲ့ပါတယ်။ 

၂၀၂၁ နှစ်ကုန်ပိုင်းလောက်မှာ စစ်ကိုင်းတိုင်း အနောက်ဘက်ပိုင်း ကလေးမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာ ပြီး ထိခိုက်ဒဏ်ရာရလာတဲ့ ဒေသခံတွေကို ဆေးကုသမှုပေးဖို့ CDM ကျန်းမာရေးဝန်ထမ်းတွေက ကျန်းမာရေးကွန်ရက် People’s Healthcare Network - Kalay ကို ၂၀၂၂ နှစ်စပိုင်းမှာ ထူထောင်ခဲ့ပါတယ်။ 

ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် People’s Healthcare Network - Kalay အဖွဲ့။
ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် People’s Healthcare Network - Kalay အဖွဲ့။

ကျန်းမာရေးလုပ်သား ၁၀ ယောက်လောက်နဲ့ People’s Healthcare Network - Kalay ကို စတင်ခဲ့ရာ အခုဆို အယောက် ၆၀ လောက်ဟာ စေတနာ့ဝန်ထမ်းတွေအဖြစ် တာဝန်ထမ်းဆောင်နေကြပြီလို့ စေတနာ့ဝန်ထမ်းတဦးဖြစ်တဲ့ ကျန်းမာရေးလုပ်သား မဇာကပြောပါတယ်။  

ကလေးမြို့နယ် တောင်ပိုင်းမှာ People’s Healthcare Network - Kalay ရဲ့ ၁၂ ကုတင်ဆံ့ ဆေးရုံ ၁ ခု၊ မြောက်ပိုင်းမှာ ဆေးရုံ ၁ ခုနဲ့ ကျန်းမာရေးစင်တာ ၆ ခု ရှိပြီး အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲဝင်နေတဲ့ ရှေ့တန်းက တော်လှန်ရေးသမားတွေကို ဆေးကုသမှုပေးဖို့လည်း ဆေးတပ်သားတွေရှိနေတယ်လို့ စေတနာ့ဝန်ထမ်း မရွှေဇင်မိုးက ပြောပါတယ်။ 

ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် People’s Healthcare Network - Kalay အဖွဲ့။
ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် People’s Healthcare Network - Kalay အဖွဲ့။

နယ်ပယ်တဖြည်းဖြည်း ကျယ်ပြန်လာတဲ့ People’s Healthcare Network - Kalay ဟာ စတင်တည်ထောင်တဲ့ ၂၀၂၂ ဇန်နဝါရီကနေ ဒီနေ့အထိ  ၂ နှစ်ကျော် ကာလအတွင်း လူနာဦးရေ ၇ သောင်းဝန်းကျင်လောက်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး ၂၄ နာရီ အရေးပေါ်ကုသမှုလည်း ပေးတယ်လို့ သူက ပြောပါတယ်။ 

ကလေး အယောက် ၃၅၀ ဝန်းကျင်ကို People’s Healthcare Network - Kalay က မွေးဖွားပေးနိုင်ခဲ့ပြီး ရိုးရိုးမွေးဖွားပေးတဲ့ ကိုယ်ဝန်ဆောင်မိခင်က ၂၅၀ ဝန်းကျင်နဲ့ ခွဲစိတ်မွေးဖွားပေးနိုင်တာ ၁၀၀ ဝန်းကျင်ရှိတယ်လို့ သူကဆိုပါတယ်။ 

၂၀၂၃ နိုဝင်ဘာ ၂၇ ရက်မှာ အမြွှာကလေး ၂ ယောက်ကို People’s Healthcare Network - Kalay ရဲ့ သားဖွားခန်းမှာ အောင်မြင်စွာခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပါတယ်။

People’s Healthcare Network - Kalay မှ ခွဲစိတ်မွေးဖွားပေးခဲ့သည့် အမွှာကလေးနှစ်ဦးနှင့် မိခင်။
People’s Healthcare Network - Kalay မှ ခွဲစိတ်မွေးဖွားပေးခဲ့သည့် အမွှာကလေးနှစ်ဦးနှင့် မိခင်။

အာဏာသိမ်းစစ်တပ်ဟာ သူတို့ကို ဆန့်ကျင်တိုက်ခိုက်နေသူတွေနဲ့ တိုက်ပွဲဖြစ်တဲ့အခါ စစ်ရေးပစ်မှတ်သာမက အရပ်ဘက်အဆောက်အဦတွေဖြစ်တဲ့ ဆေးရုံဆေးခန်း၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေပါမချန် ဖျက်ဆီးပစ်လေ့ရှိပါတယ်။ 

၂၀၂၃ နိုဝင်ဘာ ၉ ရက်မှာ ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းရွာတိုက်ပွဲအတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးလက်ဆေးခန်းတခုလုံး ပျက်စီးသွားခဲ့ပါတယ်။ 

ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာကဏ္ဍတွေ တိုက်ခိုက်ခံရမှုကို စောင့်ကြည့်စာရင်းပြုစုနေတဲ့ Insecurity Insight ဝက်ဘက်ဆိုဒ်ပါ အချက်အလက်တွေအရ ၂၀၂၃ မှာ နိုင်ငံတဝှမ်းက ကျန်းမာရေးအဆောက်အဦ ၁၃၃ ခု တိုက်ခိုက်ဖျက်ဆီးခံရပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ခဲ့ပါတယ်။ 

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် မြောက်စည်းရွာ ကျေးလက်ဆေးခန်း။
စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် မြောက်စည်းရွာ ကျေးလက်ဆေးခန်း။

ဒီလိုတိုက်ခိုက်မှုတွေဟာ ရပ်ရွာအခြေခံအဆောက်အဦတွေကို အခြေပြုပြီးတော့ ကျန်းမာရေးစောင့် ရှောက်မှုပေးနေတဲ့ ‌People’s Healthcare Network - Kalay အတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ဖြစ်နေပါတယ်။ 

ဒါ့အပြင် လက်နက်ကိုင်ခုခံတွန်းလှန်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွင်းကို အာဏာသိမ်းစစ်တပ်က ဆေးဝါးနဲ့ ဆေးခန်းသုံးပစ္စည်းတွေ သယ်ယူတာကို ကန့်သတ်တားမြစ်နေတာကြောင့် People’s Healthcare Network - Kalay အတွက် အခက်တွေ့နေပါတယ်။ 

“ဆေးတခါရဖို့ သုံးလလောက် တောင့်ခံပြီး စောင့်ခဲ့ရဖူးတယ်။ နောက်တော့ လမ်းကြောင်းမျိုးစုံရှာကြံပြီး မရ ရအောင် လုပ်ရတာပါပဲ။” လို့ စေတနာ့ဝန်ထမ်းတဦးက ပြောပါတယ်။ 

ဒါ့အပြင် ထိခိုက်ဒဏ်ရာတွေဆေးထည့်တာနဲ့ ခွဲစိတ်ခန်းသုံး Gauze Roll ဆေးပတ်တီးလိပ် မရှိတော့တဲ့အခါ တွေမှာ လက်ကိုင်ပုဝါတွေကို ပိုးသတ်ပြီး ပတ်တီးအစားထိုးအဖြစ် သုံးနေကြရတယ်လို့လည်း သူက ဆိုပါ တယ်။ 

လက်တလောမှာ ပျို့အန် ဝမ်းလျှောလူနာတွေကို တိုက်ရတဲ့ ORS ဓာတ်ဆား၊ ကလေးမွေးရင် ညှစ်အား ကောင်းအောင်သုံးတဲ့ Oxytocin သားအိမ်ဝပ်ဆေးနဲ့ Gauze Roll ဆေးပတ်တီးလိပ် စတာတွေကို People’s Healthcare Network - Kalay က လိုအပ်နေပါတယ်။ 

“ဆေးဝါးနဲ့ ဆေးခန်းသုံးပစ္စည်းတွေကတော့ လုံးဝ လုံလောက်မှု မရှိသေးပါဘူး။ အထူးသဖြင့် ဒီဒေသတွေမှာ စကစက ဆေးဝါးသယ်ယူခွင့်ကို လုံးဝကို ခွင့်မပြုပါဘူး။ ကျွန်မတို့အနေနဲ့ ဆေးဝါးသယ်ယူခွင့်တွေကို လုံးဝကို ခက်ခက်ခဲခဲနဲ့ သယ်ယူနေရတာပါ။” လို့ စေတနာ့ဝန်ထမ်း မမို့မို့လင်းက ပြောပါတယ်။ 

ဘယ်လောက်ပင် အခက်အခဲရှိနေပါစေ ကျန်းမာရေးစောင့်ရှောက်ကုသမှုလိုအပ်နေတဲ့ ဒေသခံ ပြည်သူလူထု အတွက် People’s Healthcare Network - Kalay က ဆက်လက်ရပ်တည်သွားမှာဖြစ်တယ်လို့ မဇာက ဆိုပါတယ်။ 

“ဆေးဝါးကုသမှုပေးလိုက်တဲ့ ပြည်သူတွေရဲ့ အလှူငွေတွေနဲ့ပဲ ကျမတို့ခက်ခက်ခဲခဲရပ်တည်နေရတာပါ။ ဆက်လက်ရပ်တည်ဖို့ဆို အဓိက လိုအပ်တာက ဆေးဝါးဆိုင်ရာပစ္စည်းတွေ၊ Health Volunteer တွေ၊ CDM ကျန်းမာရေးဝန်ထမ်းတွေလည်း များစွာလိုအပ်နေပါတယ်။ ဒါကြောင့်မလို့ ကျွန်မတို့ People’s Healthcare Network - Kalay က Health Volunteer တွေ၊ CDM ကျန်းမာရေးဝန်ထမ်းတွေကို နွေးထွေးစွာ ကြိုဆိုပါတယ်။”

#မြေလတ်အသံ

#ဆောင်းပါး #စစ်ကိုင်း #ကလေး #ကျန်းမာရေး #PeopleHealthNetworkKalay

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10