သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်အုပ်စုမှာ အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ပေါင်းပြီး စစ်မှုထမ်းဖို့လူစုနေသူကို ဇန်နဝါရီ ၁၀ ရက်ညနေ ၃ နာရီလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတွေက သေနတ်နဲ့ပစ်ခတ်တာကြောင့် သေဆုံးခဲ့တယ်လို့ ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ BTZM GBK PDF ဆီက သိရပါတယ်။
သေဆုံးသူဟာ ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်အုပ်စု၊ မီးကောက်ပင်ရွာက အသက် ၅၀ ဝန်းကျင်အရွယ် ကိုမြင့်ထွေး ဆိုသူဖြစ်ပြီး သူ့ရဲနေအိမ်မှာပဲ နားထင်ကို သေနတ်နဲ့ ၃ ချက်ပစ်ခတ်ခံရလို့ ပွဲချင်းပြီးသေဆုံးခဲ့တာလို့ ဆိုပါတယ်။
“မြင့်ထွေးတို့အဖွဲ့ ရွာကအိမ်တွေမှာရှိနေတယ်ဆိုတာ သတင်းရပြီး မြင့်ထွေးအိမ်ကို ပထမဆုံးဝင်ရှင်းလိုက်တာမှာ ကျန်တဲ့ အုပ်ချုပ်ရေးမှူး သိန်းအောင်နဲ့ အဖွဲ့ဝင် ကိုဦးက သတင်းရပြီးထွက်ပြေးသွားလို့ မလုပ်လိုက်ရဘူးဆိုပြီး ရဲဘော်တွေပြန်ပြောပြတယ်။” လို့ BTZM GBK PDF တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
မနေ့ကညနေ ၅ နာရီလောက်မှာတော့ ဘော်ဘင်ရွာကပျူစောထီးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ မီးကောက်ပင်ရွာထဲ သေနတ်ပစ်ဖောက်ဝင်ရောက်လာကာ ကိုမြင့်ထွေးရဲ့အလောင်းကို သယ်ယူသွားတယ်လို့ သိရပါတယ်။
BTZM GBK PDF တပ်ဖွဲ့မှာရှိတဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲတွေအတွင်း လက်နက်ကြီးပစ်ကူရာမှာ ဦးဆောင်ပါဝင်လေ့ရှိပေမယ့် အခုလိုအုပ်ချုပ်ရေးမှူးနဲ့ ပူးပေါင်းနေသူတွေကို သေနတ်နဲ့ပစ်သတ်မှုဟာ ပထမဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
ကိုမြင့်ထွေး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးသွားတဲ့နောက် သူပိုင်ဆိုင်တဲ့ ဟိုက်ဂျက်ကား ၁ စီး၊ ဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၃ လုံးနဲ့ ကိုဦးဆီက ဆိုင်ကယ် ၁ စီးတို့ သိမ်းယူခဲ့တာကို တပ်ရင်း ၃၇၀၁ ဆီသတင်းပို့ထားပြီလို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ဒေါင်းစပါးကွင်းအုပ်စု၊ ကွေ့ချောင်းရွာက စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေတဲ့ ကိုဇော်ဌေးနဲ့ ဇနီးဖြစ်သူ မညိုညိုဝင်းတို့လင်မယားကို သူတို့နေအိမ်မှာ Hero ပြောက်ကျားတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ရာက ဇနီးဖြစ်သူနေရာမှာတင် သေဆုံးခဲ့ပါသေးတယ်။
ပုံစာ - BTZM GBK PDF မှ အမျိုးသမီးရဲဘော်တချို့ကို တွေ့ရစဉ်။
စာတည်း - ကိုချမ်း
#မြေလတ်အသံ
#ပဲခူးတိုင်းအနောက်ခြမ်း #ဇီးကုန်းမြို့ #မီးကောက်ပင်အုပ်စု #အုပ်ချုပ်ရေးမှူး #အမျိုးသမီးရဲဘော်
Share Share Share