စစ်မှုထမ်းဖို့ အဖမ်းခံရတဲ့လူငယ် တပ်မမှူးနဲ့စကားများလို့ အရိုက်ခံရပြီး ဆေးရုံတင်လိုက်ရ

စစ်မှုထမ်းဖို့ အဖမ်းခံရတဲ့လူငယ် တပ်မမှူးနဲ့စကားများလို့ အရိုက်ခံရပြီး ဆေးရုံတင်လိုက်ရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့က စစ်မှုထမ်းအဖြစ် အဖမ်းခံရသူ လူငယ်တဦး ရိုက်ခံရတဲ့အတွက် ဆေးရုံတင်လိုက်ရတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

ဇီးကုန်းမြို့၊  အမှတ် ၂ ရပ်ကွက်က အသက် ၁၉ နှစ် အရွယ် မောင်ဖုန်းမြင့်ဖြစ်ပြီး အင်းမ အခြေစိုက် ခမရ ၄ တပ်ထဲမှာ အရိုက်ခံရကာ မသက်သာလို့  မေ ၃၁  ရက်မှာ စစ်တပ်က နေအိမ်ပြန်ပို့တဲ့အတွက် အခု ဇွန်လဆန်း က ဇီးကုန်းမြို့ ဆေးရုံမှာ ဆေးကုနေရတာလို့  ဆိုပါတယ်။

သူ့ကို မေလ ပထမပတ်က စစ်မှုထမ်းဖို့ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်ကနေ ဖမ်းဆီးခဲ့ပြီး အင်းမ စစ်တပ်အတွင်းရှိနေချိန် တပ်မမှူးနဲ့ စကားများတာကြောင့် ရိုက်ခံရကာ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

“အင်းမတပ်ထဲမှာ ရိုက်ခံရတဲ့ ဒဏ်ရာနဲ့ ဝမ်းခေါင်းမှာ အောင့်နေလို့ ဆေးရုံ ပို့လိုက်ရတာ။ နံရိုးကျိုးလားတော့ မသိဘူး။ တပ်ထဲမှာ ဆေးလည်း ကုမပေးဘဲ မျက်နှာလွှဲခဲပစ် အိမ်ပြန်ပို့သွားတာ။ ရက် ၂၀ လောက်ကြာမှ ဆေးကုရတာပေါ့” လို့  ဇီးကုန်းမြို့ခံတဦးက ပြောပါတယ်။

မောင်ဖုန်းမြင့်ကို တပ်မမှူးနဲ့ စကားများလို့ဆိုကာ စစ်သားတွေက ရိုက်ဖို့ပြင်နေတဲ့ အချိန်မှာ အင်းမ စစ်တပ်ထဲကို ‌ရောက်လာတဲ့ ဇီးကုန်းမြို့  အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ဖိုးဇော်တို့က ဇီးကုန်းမြို့သားဖြစ်တဲ့အတွက် သူတို့ ဆုံးမမယ်ဆိုကာ လက်သီးနဲ့ ထိုးပြီး ခြေနဲ့ကန်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

မောင်ဖုန်းမြင့်ဟာ ကျဘမ်းလုပ်ကိုင်သူတဦးဖြစ်ပြီး မိဘနှစ်ပါးဆုံးပါးသွားတာကြောင့် အမဖြစ်သူတွေနဲ့   နေထိုင်တာလို့ သိရပါတယ်။

လက်ရှိမှာ ဇီးကုန်းဆေးရုံမှာပဲ ကုသနေရကာ ဒဏ်ရာသက်သာစပြုနေပြီး ကျန်းမာ‌ရေးကောင်းမွန်ပါက စစ်တပ်က ပြန်ခေါ်ခြင်း ရှိမရှိကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

ဇီးကုန်းမြို့နယ်မှာ စစ်မှုထမ်းအဖြစ် စုဆောင်းခံရသူ ၁၀၀ ဦး ဝန်းကျင်ရှိပြီး  အပတ်စဉ်အလိုက် စုဆောင်းခံရသူတွေကို အင်းမ ခမရ ၄ တပ်ထဲမှာ ယာယီ စု‌ဆောင်းတယ်လို့  သိရပါတယ်။

ပုံစာ - ဇီးကုန်းမြို့တွင် ခရီးသွားများကို စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ’

#ပဲခူးတိုင်း #ဇီးကုန်းမြို့ #စစ်မှုထမ်း #လူငယ် #ဆေးရုံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10