စစ်မှုထမ်းလူစားလဲဖို့ ငွေသိန်း ၁၀၀ ကျော်ယူတဲ့ မြို့နယ်ရဲမှူးနဲ့ ဝန်ထမ်း ၂ ဦးကို စစ်ကောင်စီဖမ်းထား

စစ်မှုထမ်းလူစားလဲဖို့ ငွေသိန်း ၁၀၀ ကျော်ယူတဲ့ မြို့နယ်ရဲမှူးနဲ့ ဝန်ထမ်း ၂ ဦးကို စစ်ကောင်စီဖမ်းထား

စစ်မှုထမ်းလူစားလဲဖို့ဆိုကာ ငွေသိန်း ၁၀၀ ကျော်ယူတဲ့ ရွှေဘိုမြို့နယ်ရဲမှူးနဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက စာရေး ၂ ဦးအပါ စုစုပေါင်း ၃ ဦးကို ဖမ်းဆီးထားတယ်လို့ ဇန်နဝါရီ ၂၈ ရက် စစ်ကောင်စီဝါဒဖြန့်သတင်းစာမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေဟာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အကြီးတန်းစာရေး ကျော်ခိုင်လတ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အငယ်တန်းစာရေး သူရိန်ညွန့်တို့ဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ မြန်မာ့အလင်းသတင်းစာပါဖော်ပြချက်အရ ရဲမြို့နယ်မှူးသန်းဇော်၊ ရွှေဘိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နဲ့  စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေဟာ ဇန်နဝါရီ ၂၄ ရက် ည ၇ နာရီလောက်က ရွှေဘိုမြို့၊ အမှတ် ၄ ရပ်ကွက်မှာ ဧည့်စာရင်းစစ်ခဲ့ပါတယ်။

၎င်းတို့ဧည့်စာရင်းဝင်စစ်တဲ့အိမ်မှာ ကျောက်မြစ်ရွာက အသက် ၂၄ နှစ်အရွယ် မောင်ကျော်မင်းခန့်ဟာ ဧည့်စာရင်းမတိုင်ဘဲ ရောက်နေတာကိုတွေ့လို့ သူ့ကို ပြည်သူ့စစ်မှုထမ်းစာရင်းသွင်းမယ်ဆိုကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ခေါ်သွားခဲ့ပါတယ်။

အဲဒီနောက် မောင်ကျော်မင်းခန့်မိဘတွေဆီကို အငယ်တန်းစာရေး သူရိန်ညွန့်က ကျပ်သိန်း ၁၃၀ ပေးပါက လူစားလဲပေးမှာဖြစ်တယ်လို့ ဆက်သွယ်မှာတဲ့အတွက် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲပိုင်းမှာ မောင်ကျော်မင်းခန့်ရဲ့ဖခင်က တောင်းတဲ့ငွေကိုပေးခဲ့ပါတယ်။

ရတဲ့ငွေတွေကို ရဲမှူးသန်းဇော်က ၂၅ သိန်း၊ အကြီးတန်းစာရေး ကျော်ခိုင်လတ် က ၂၅ သိန်း၊ အငယ်တန်းစာရေး သူရိန်ညွန့်က ၃၀ သိန်းစီခွဲယူပြီး ကျန်တဲ့ ကျပ်သိန်း ၅၀ ကို မောင်ကျော်မင်းခန့်အစား စစ်မှုထမ်းဖို့လိုက်မယ့် ရွှေဘိုမြို့၊ အမှတ် ၁၀ ရပ်ကွက်က ကိုသန်းစိုးထိုက်ကို ပေးတယ်လို့ ဖော်ပြပါတယ်။

အဆိုပါဖြစ်စဉ်ဟာ ပြည်သူ ၁ ဦးက တိုင်တဲ့အတွက်စစ်ဆေးရာက ပေါ်ပေါက်ခဲ့တာဖြစ်ပြီး မောင်ကျော်မင်းခန့် မိသားစုဆီက ၎င်းတို့တောင်းယူခဲ့တဲ့ ကျပ်သိန်း ၁၃၀ ကို ပြန်ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲဒီသတင်းထုတ်ပြန်ချက်မှာ အဖမ်းခံရသူ ၃ ဦးကို ဖမ်းတဲ့ရက်စွဲနဲ့ အမှုဖွင့်ထားတဲ့ပုဒ်မကို ဖော်ပြထားခြင်းမရှိသလို ချုပ်နှောင်ထားတဲ့နေရာကိုလည်း ရေးသားထားတာမတွေ့ရပါဘူး။

အလားတူ စစ်မှုထမ်းဖို့ဖမ်းဆီးပြီး လူစားထည့်ပေးတဲ့ဖြစ်စဉ်တွေ နိုင်ငံအနှံ့အများအပြားရှိပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်ပိုင်းကလည်း ပေါင်းတည်မြို့ပေါ်က လူငယ် ၁ ဦးနဲ့ ကျေးရွာနေသူလူငယ် ၁ ဦးကို ကျပ်သိန်း ၁၀၀ ဝန်းကျင်နဲ့ လဲလှယ်ပေးခဲ့ပါတယ်။

ပုံစာ - ဖမ်းဆီးထားသည့် မြို့နယ်ရဲမှူးနှင့် ထွေအုပ်စာရေး ၂ ဦး/ မြန်မာ့အလင်းသတင်းစာ။

စာတည်း - ဟယ်ရီ

#မြေလတ်အသံ

#စစ်မှုထမ်း #လူစားထိုး #မြို့နယ်ရဲမှူး #ဝန်ထမ်း #ဖမ်းဆီး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10