စစ်မှုထမ်းလူစုပေးတဲ့ သဲကုန်းမြို့နယ်က ရာအိမ်မှူး ပစ်သတ်ခံရ

စစ်မှုထမ်းလူစုပေးတဲ့ သဲကုန်းမြို့နယ်က ရာအိမ်မှူး ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်မှာ စစ်မှုထမ်းလူစုပေးတဲ့ ရာအိမ်မှူး ၁ ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က နိုဝင်ဘာ ၂၁ ရက် ဒီကနေ့မနက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ သပြေလှအုပ်စု၊ ရင်းတိုက်ကွင်းရွာက အသက် ၄၃ နှစ်အရွယ် ရာအိမ်မှူး ကိုဌေးလွင် ကို နိုဝင်ဘာ ၂၀ ရက် မနေ့မနက် ၄ နာရီခွဲလောက်က နေအိမ်ကဖမ်းဆီပြီး ရင်းတိုက်ကွင်း လမ်းမပေါ်မှာ ဦးခေါင်းကိုပစ်ခတ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

“သူ့အိမ်ကနေဖမ်းပြီး လမ်းရောက်မှ ပစ်သတ်ခဲ့တာပါ။ မိသားစုတွေရှိနေလို့ အိမ်မှာတော့မရှင်းတာပါ။” လို့  PPDFက စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၃၆၀၁  တပ်ရင်း၊ တပ်ခွဲ ၅ နဲ့ ၃၆၀၂ တပ်ရင်း၊ တပ်ခွဲ ၄ တို့ပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီမနက်မှာပဲ အလောင်းကို ပုတီးကုန်းမြို့ဘက်ကလာတဲ့ စစ်အုပ်စု‌ဝင်တွေက သယ်သွားတယ်လို့ သူကဆက်ပြောပါတယ်။

ကိုဌေးလွင်ဟာ စစ်သားတွေကင်းလှည့်ရာမှာ သေနတ်အရှည်ကိုကိုင်ပြီး လိုက်ပါကင်းလှည့်တာတွေရှိတယ် လို့ ဆိုပါတယ်။ 

ဒါ့အပြင် ပုတီးကုန်းနယ်မြေရဲစခန်းကရဲတွေကို နှစ်လုံး၊ သုံးလုံးကြေး အပတ်စဉ်ကောက်ပေးပြီး အရက်ပုန်းဆိုင်တွေဆီကလည်း လစဉ်လိုင်းကြေးတောင်းပေးတာနဲ့ ပုတီးကုန်းမှာတပ်စွဲနေတဲ့ စစ်သားတွေနဲ့ပေါင်းပြီး လူငယ်တွေကိုစစ်မှုထမ်းဖို့ဖမ်းတာမှာ ဦးဆောင်ပါဝင်တဲ့အပြင် ဒေသခံတွေကိုလည်း ၁ အိမ်ထောင်ကို ကျပ် ၁ သောင်းခွဲနှုန်း တောင်းတာတွေပြုလုပ်တဲ့အတွက် အပြစ်ပေးအရေးယူခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်ည ၇ နာရီလောက်ကလည်း သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ ဝင်းဘရားသား ရပ်ကွက်က စစ်ကောင်စီခန့်အုပ်ချုပ်ရေး ကိုမင်းသွင် ကိုလည်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၅ က ရပ်ကွက်အလှူခံရုံမှာရှိနေချိန် သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ပြင်းထန်ဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #သဲကုန်း #ရာအိမ်မှူး #ပစ်သတ်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10