စစ်မှုထမ်းသင်တန်း အဓမ္မတက်ခိုင်းခံရတဲ့ စစ်သား ၂ ဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

စစ်မှုထမ်းသင်တန်း အဓမ္မတက်ခိုင်းခံရတဲ့ စစ်သား ၂ ဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

မကွေးမြို့နယ်အရှေ့ခြမ်းမှာ အခြေစိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တော် ကြိုးကြာနီတပ်ရင်း ၇ ဆီကို စစ်ကောင်စီတပ်သား ၂ ဦးအလင်းဝင်တယ်လို့ နိုဝင်ဘာ ၁၀ ရက်မှာ အဲ့ဒီတပ်ရင်းက ထုတ်ပြန်ထားပါတယ်။ 

အလင်းဝင်လာသူတွေဟာ အသက် ၂၇ နှစ်အရွယ်ရှိ တပ်သား ရွှေဘိုနဲ့ အသက် ၂၂ နှစ်အရွယ်ရှိ တပ်သားနတ်မောက် တို့ဖြစ်ပြီး MA 11 သေနတ်၂ လက်၊ ကျည်ဘောက် ၆ ခု၊ ၅.၅၆ ကျည် ၂၀၀ ခန့်၊ လက်ပစ်ဗုံး ၁ လုံး၊ နင်းမိုင်း ၁ လုံးတို့နဲ့ အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။ 

"ကျနော်တို့ဆီ ချိတ်ဆက်လာလို့ မစ်ရှင်ပုံစံနဲ့ ခေါ်ထုတ်ခဲ့ရတာပါ။ သူတို့ကို ဆုငွေပေးဖို့လည်း ရှိပါတယ်။" လို့ ကြိုးကြာနီတပ်ရင်း ၇ တပ်ရင်းမှုး ဗိုလ်ကျီးဇိုးက ပြောပါတယ်။

သြဂုတ်လနှောင်းပိုင်းမှာ အလင်းဝင်လာတဲ့သူတို့နှစ်ဦးဟာ ငွေကြေးတတ်နိုင်သူတဦးကိုယ်စား အစားထိုး အဓမ္မစစ်မှုထမ်းခိုင်းခံခဲ့ရာက စစ်တပ်ထဲကို ရောက်ရှိသူတွေဖြစ်တယ်လို့ အလင်းဝင်လာသူတွေရဲ့ ပြောစကားကိုကိုးကားပြီး ဗိုလ်ကျီးဇိုးက ပြောပါတယ်။

ကျန်ခဲ့တဲ့မိသားစုဝင်တွေရဲ့ လုံခြုံရေးအရ အလင်းဝင်လာသူ ၂ ဦးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို တော့ မဖော်ပြနိုင်သေးဘူးလို့လည်း ဆိုပါတယ်။ 

“သူတို့ဝင်ခဲ့တဲ့ တပ်ရင်းကိုလည်း ပြောလို့အဆင်မပြေသေးဘူး။ သူတို့ဘယ်မှာတာဝန်ထမ်းဆောင်ခဲ့လဲ ဆိုတာကိုလည်း ပြောဖို့အဆင်မပြေသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိမှာက သူတို့ မိသားစုတွေအတွက် ကျနော်တို့ပြန်ပြီးကြည့်နေရတဲ့ အခြေအနေမို့လေ။” လို့ သူက ဆက်ပြောပါတယ်။ 

အခုလို လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာသူ ၂ ဦးဟာ ကြိုးကြာနီတပ်ရင်းဆီ ပထမဆုံးအကြိမ် အလင်းဝင်လာသူတွေဖြစ်ပြီး သူတို့ကို ဘေးကင်းလုံခြုံတဲ့နယ်မြေဆီကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #လက်နက်ခဲယမ်း #အလင်းဝင် #စစ်ကောင်စီတပ်သား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10