ကျည်လွဲအဆောင်ရှိတယ်ဆိုပြီးနာမည်ကြီးတဲ့ သေနတ်ကိုင် စစ်မှုထမ်းဟောင်းအုပ်ချုပ်‌ရေးမှူး သေနတ် ၁၂ ချက် ပစ်သတ်ခံရ

ကျည်လွဲအဆောင်ရှိတယ်ဆိုပြီးနာမည်ကြီးတဲ့ သေနတ်ကိုင် စစ်မှုထမ်းဟောင်းအုပ်ချုပ်‌ရေးမှူး သေနတ် ၁၂ ချက် ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ သေနတ်ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီလက်အောက်အုပ်ချုပ်ရေးမှူးတဦးကို ပစ်သတ်ကာ သေနတ်နဲ့ ကျည်ဆန်အပါ အခြားပစ္စည်းတွေကိုလည်း သိမ်းဆည်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

သေဆုံးသူမှာ မင်းလှမြို့နယ်၊ ဘွတ်စိန်ပုအုပ်စု အုပ်ချုပ်ရေးမှူး ကိုညွန့်မြိုင်ဖြစ်ပြီး ဩဂုတ် ၅ ရက် ဒီမနက် ၉ နာရီကျော်လောက်က ဘွတ်စိန်ပုအုပ်စု တံတားအနီးမှာ ဆိုင်ကယ်စီးလာချိန် သေနတ်နဲ့ ၁၂ ချက်ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“သူက ခလရ ၁ ကနေ တယောက်တည်း ဘွတ်စိန်ပုရွာကိုပြန်လာတာကို စောင့်ပြီးပစ်ခတ်ခဲ့တာ။ ခေါင်းကို ၅ ချက်၊ ရင်ဘတ်ကို ၇ ချက် ပစ်ခတ်ခဲ့လို့  ပွဲချင်းပြီးသေသွားတာ။ သူက ကျည်လွဲအဆောင်ရှိတယ်ဆိုပြီး နာမည်ကြီးနေတာလေ။“လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့  တပ်ခွဲမှူးရဲဘော်ဒေဝက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့ နေရာဟာ စိန်ကန့်လန်အခြေစိုက် ခလရ ၁ နဲ့ နီးကပ်တာကြောင့် ပစ်ခတ်မှုအပြီး ၅ မိနစ်ခန့်အကြာမှာ စစ်သား ၂၀ ဦးလောက် သေနတ်တွေပစ်ဖောက် ရောက်ရှိလာပြီး အလောင်းကို လာသယ်သွားတယ်လို့ သူကဆက်ပြောပါတယ်။

သေဆုံးသွားတဲ့အုပ်ချုပ်ရေးမှူးဆီကနေ လက်လုပ်သေနတ် ၁ လက်၊ ကျည် ၁၆ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်ကာ ၁ ထည်၊ ဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၁ လုံး၊ ငွေကျပ် ၁၂၅,၀၀၀ ကျပ်နဲ့ စစ်မှုထမ်းဟောင်းပင်စင်အသိအမှတ်ပြုကတ်ပြားတို့ကို သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။

ကိုညွန့်မြိုင်ဟာ တာဝန်မှ အနားယူထားကြောင်း သတင်းလွှင့်ထားပေမယ့် စစ်ကောင်စီအတွက် ဆက်လက်အလုပ်လုပ်ကာ စစ်မှုထမ်းကြေးဆိုကာ ပြည်သူတွေဆီက တအိမ်ထောင်ကို ကျပ်သုံးသောင်းခွဲကောက်ခံနေပြီး မပေးပါက စစ်တပ်ခေါ်ဖမ်းခိုင်းမည်ဆိုကာ ကျေးရွာနေပြည်သူတွေကို ခြိမ်းခြောက်နေသူလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုညွန့်မြိုင်ဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာ ၉ ရက်ကလည်း အခုတိုက်ခိုက်ခံရတဲ့နေရာအနီးမှာ အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့ရဲ့ သေနတ်နဲ့ပစ်ခတ်သတိပေးခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်ကလည်း အုတ်ဖို မြေအောက်ပြောက်ကျားတပ်ဖွဲ့ဟာ အုပ်ဖိုမြို့နယ်၊ ချောင်းခွ(ဂျီ)အုပ်စု အုပ်ချုပ်ရေးမှူး ကိုချစ်ကို ကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။

ပုံစာ - ကိုညွန့်မြိုင်အလောင်းနှင့် သိမ်းဆည်းခဲ့သည့် ပစ္စည်းများ။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #မင်းလှ #အုပ်ချုပ်ရေးမှူး #ပစ်ခတ်ရှင်းလင်း #အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10