စစ်မှုထမ်းဥပဒေကို ရှောင်တိမ်းလိုသူ ၁၀၀ ခန့် စစ်ကိုင်းဖက်ဒရယ်ကောင်စီထံ ဆက်သွယ်လာ

စစ်မှုထမ်းဥပဒေကို ရှောင်တိမ်းလိုသူ ၁၀၀ ခန့် စစ်ကိုင်းဖက်ဒရယ်ကောင်စီထံ ဆက်သွယ်လာ

စစ်ကောင်စီဘက်မှ စစ်မှုထမ်းဥပဒေကြေညာပြီးတဲ့နောက်ပိုင်း စစ်မှုမထမ်းလိုတဲ့ ပြည်သူ ၁၀၀ ကျော်ဟာ စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)ဆီကို ဆက်သွယ်လာတယ်လို့ သိရပါတယ်။

အဲဒီပြည်သူတွေထဲမှာ ၃၀ ဝန်းကျင်လောက်က စစ်ကိုင်းတိုင်းထဲကဖြစ်ပြီး ကျန်တချို့ကတော့ တခြားမြို့နယ်က ဒေသခံတွေဖြစ်တယ်လို့ စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)က ဆိုပါတယ်။ 

မတ်လ ၂၀ ရက်က ထုတ်ပြန်ထားတဲ့ စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)ရဲ့ထုတ်ပြန်ချက်အရ အဖွဲ့ကိုဆက်သွယ်လာသူဟာ ၆၄ ယောက်အထိရှိပြီး ၃၀ ရာခိုင်နှုန်းက စစ်ကိုင်းတိုင်းထဲကဖြစ်ပြီး အများစုဟာ တိုင်းပြင်ပ မြို့နယ်တွေက ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

အခုလက်ရှိအချိန်မှာတော့ စစ်ကိုင်းတိုင်းထဲက ပြည်သူတချို့ကိုသာ လက်ခံသွားမှာဖြစ်ပြီး အခြားမြို့နယ်က ပြည်သူတွေကိုတော့ အခုလောလောဆယ်ဆယ်မှာ လက်ခံပေးလို့ မရသေးဘူးလို့လည်း စစ်ကိုင်းဖယ်ဒရယ်ကောင်စီ ရှေ့ပြေးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

“နောက်ပိုင်းမှာ ကျနော်တို့ ၅/ စစ်ကိုင်းတိုင်းတွေမဟုတ်ဘဲ တခြားနေရာက ညီကိုမောင်နှမတွေလည်း ကူညီနိုင်ဖို့အတွက် ကျနော်တို့ ဆွေးနွေးနေပါတယ်။ ကြိုးစားနေပါတယ်” လို့ သူက ဆိုပါတယ်။

လာရောက်ဆက်သွယ်တဲ့ပြည်သူတွေအနေနဲ့  စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရသတ်မှတ်ထားတဲ့ အသက်အရွယ်ရှိသူတွေသာ ဖြစ်ရမှာဖြစ်ပြီး လုပ်ငန်းအဖွဲ့က စီစဉ်ပေးတဲ့နေရာတွေမှာ အနည်းဆုံး တနှစ်နေထိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

တော်လှန်ရေးအဖွဲ့တွေမှာ ဝင်ရောက်လိုပါကလည်း တော်လှန်ရေးလုပ်ငန်းတွေနဲ့ချိတ်ဆက်ပေးမှာဖြစ်သလို ပညာရေး၊ ကျန်းမာရေး၊ စစ်ရှောင်ကူကယ်ရေးစတဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ လုပ်ကိုင်မယ်ဆိုပါကလည်း ပါဝင်လုပ်အားပေးနိုင်အောင် စီစဉ်ပေးမယ်ဖြစ်တယ်လို့ စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)က သတ်မှတ်ထားပါတယ်။ 

စစ်မှုမထမ်းလိုလို့ လာရောက်ဆက်သွယ်တဲ့သူတွေထဲမှာ  စစ်ကောင်စီထုတ်ကုန်ရောင်းချသူနဲ့ Non CDM တွေကို လက်ခံသွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ 

အလားတူ စစ်ကိုင်းဖယ်ဒရယ်ကောင်စီ(ရှေ့ပြေး)ဆီဝင်ရောက်တဲ့ ပြည်သူတွေအနေနဲ့လည်း မိမိတကိုယ်ရေအသုံးအဆောင်ပစ္စည်းတွေကို တပါတည်းယူဆောင်လာရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ခံမယ့် လူဦးရေပမာဏကန့်သတ်ထားပေမယ့်လည်း လာရောက်ချိတ်ဆက်လာတဲ့လူပေါ်မူတည်ပြီး အကန့်အသတ်ကိုပြောင်းလဲဖို့ရှိသလို အမျိုးသမီး၊ အမျိုးသား လူဦးရေ ခွဲခြားကန့်သတ်ထားတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။ 

အဓမ္မစစ်မှုထမ်းစေခိုင်းမှုဆိုင်ရာ ချိတ်ဆက်အကူညီပေးရေးလုပ်ငန်းအဖွဲ့ကိုတော့ မတ် ၁၅ ရက်မှာစပြီး စစ်ကိုင်း ဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)က စတင်ဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကောင်စီ #စစ်မှုထမ်းဥပဒေ #ပြည်သူ #စစ်ကိုင်းဖက်ဒရယ်ကောင်စီ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10