စစ်မှုထမ်းဥပဒေနဲ့ဝင်လာတဲ့ စစ်သား ၄ ဦး အမ်းတိုက်ပွဲကထွက်ပြေးလာလို့ CDF Asho က ဖမ်းဆီးထား

စစ်မှုထမ်းဥပဒေနဲ့ဝင်လာတဲ့ စစ်သား ၄ ဦး အမ်းတိုက်ပွဲကထွက်ပြေးလာလို့ CDF Asho က ဖမ်းဆီးထား

မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာ အမ်းတိုက်ပွဲကနေ ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား ၄ ဦးကို ဖမ်းဆီးရမိထားတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-အရှို CDF Asho ထံက သိရပါတယ်။

အောက်တိုဘာ ၃၁ နဲ့ နိုဝင်ဘာ ၃ ရက်တွေမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ ၃၇၃ တပ်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂ ဦးနဲ့  ခမရ ၃၇၁ ကြက်ရေစမ်းနယ်ခြားစောင့်ဂိတ် ရှေ့တန်းစစ်ကြောင်းမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂ ဦးတို့ကို အသီးသီးဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

" အဝတ်တထည်ကိုယ်တခုနဲ့ ထွက်ပြေးလာကြတာပါ။ လက်နက်ခဲယမ်းတော့ မပါပါဘူး။ လက်ကိုင်ဖုန်း တလုံးစီနဲ့ ဖမ်းမိတာပါ။" လို့ CDF - Asho တပ်ဖွဲ့တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီဖွဲ့ဝင်တွေဟာ (ပစ - ၁၀၄***) တပ်သား သက်နိုင် အသက် ၂၉ နှစ်၊ တပ်သား သက်နိုင်ဦး ၃၇ နှစ်၊ တပ်သား ရဲမွန်ဦး အသက် ၂၉ နှစ်နဲ့ တပ်သား ကျော်မင်းဦး အသက် ၂၀ တို့ဖြစ်ပြီး သူတို့အားလုံးဟာ စစ်ကောင်စီတပ်ထဲကို စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မခေါ်ဆောင်ခံရသူတွေလို့ သိရပါတယ်။

ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ကိုယ်ပိုင်နံပါတ်တွေအရ ၎င်းတို့ဟာ စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေနဲ့ဆင့်ခေါ်ကာ စစ်သင်တန်းတက်ရောက်ခိုင်းသူတွေဖြစ်တယ်လို့ စစ်ကောင်စီတပ် အသိုင်းအဝိုင်းကလည်း အတည်ပြုပါတယ်။

အောက်တိုဘာလနောက်ဆုံးအပတ်က စတင်ကာ အမ်းမြို့,အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အာရက္ခတပ်တော်-AA က ထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲတွေပြင်းထန်နေပြီး နပခအနီးတဝိုက်က စစ်ကောင်စီခြေလျင်တပ်ရင်းတွေနဲ့ လက်ရုံးတပ်တချို့ကို AA က သိမ်းပိုက်ထားနိုင်တယ်လို့ သိရပါတယ်။

ချင်းကာကွယ်ရေးတပ်-အရှို CDF - Asho အနေနဲ့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာစစ်ဘက်ဆိုင်ရာ ဥပဒေနဲ့အညီ  စနစ်တကျထိန်းသိမ်းထားကာ စစ်ဆေးမေးမြန်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ CDF Asho က ပြောပါတယ်။

ပုံစာ - ဖမ်းဆီးမိထားသည့် စစ်သားတွေကို စစ်ဆေးမေးမြန်းနေစဥ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#အမ်း #စစ်ပြေး #ချင်းကာကွယ်ရေးတပ် #ဖမ်းဆီး #စစ်မှုထမ်းဥပဒေ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10