စစ်ရေးမှာ အရေးနိမ့်နေချိန် တပ်မိသားစုဝင်အမျိုးသမီးတွေကို ယတြာချေပြီး ပရိတ်ရွတ်ဖို့ ညွှန်ကြား

စစ်ရေးမှာ အရေးနိမ့်နေချိန် တပ်မိသားစုဝင်အမျိုးသမီးတွေကို ယတြာချေပြီး ပရိတ်ရွတ်ဖို့ ညွှန်ကြား

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)က ၎င်းရဲ့လက်အောက်ခံဖြစ်တဲ့ ပဲခူးတိုင်းအခြေစိုက်တပ်ရင်းတွေအားလုံး မဟာသမယသုတ်နဲ့ ပရိတ်ကြီး ၁၁ သုတ်ကို ရွတ်ဖတ်ရမယ်လို့ တပခရဲ့ နိုဝင်ဘာ ၇ ရက်က ကြေးနန်းစာနဲ့ ညွှန်ကြားလိုက်ပါတယ်။

နိုဝင်ဘာ ၈ ရက် ဒီမနက် ၉ နာရီကစတင်ကာ လက်အောက်ခံတပ်ရင်းအားလုံး တချိန်တည်းရွတ်ဖတ် ရမှာဖြစ်ပြီး ရွတ်ဖတ်ရာမှာ တပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အမျိုးသမီးတွေက ယောဂီဝတ်စုံ ဝတ်ဆင်လျက် ၉ ပါးသီလခံယူရွတ်ဆိုရမှာဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက်အထိ ၉ ရက်တာ ရွတ်ဆိုရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မရွတ်ဖတ်မီမှာ ဘုရားကျောင်းဆောင်ရှေ့မှာ ကျောက်ကျော ၃ တုံး၊ ဘရာကြော် ၃ ခုနဲ့ မုန့် လုံးရေပေါ် ၃ လုံးစီထည့်ထားတဲ့ ပန်းကန် ၁၀၈ ချပ်ကို ကပ်လှူပူဇော်ပြီးမှ ရွတ်ဖတ်ရမယ်လို့ ဆိုပါတယ်။

တောင်းပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းတွေကို ညွှန်ကြားတဲ့ကြေးနန်းစာဖြစ်ပေမယ့် စာအသွားအလာအရ နေပြည်တော်ကစစ်ခေါင်းဆောင်တွေရဲ့ ညွှန်ကြားမှုကို ထပ်ဆင့်ပြန်လည်ညွှန်ကြားမှုဖြစ်တယ်လို့ CDM တပ်မတော်သားအရာရှိတဦးက ပြောပါတယ်။

“ တပ်အားလုံးကို ညွှန်ကြားတာမျိုးဖြစ်နိုင်တယ်။ အဲ့ဒီမှာပါတဲ့ အစီအစဉ်အတိုင်း တချိန်တည်း၊ တပြိုင်တည်းလုပ်ဆောင်ဖို့ နေပြည်တော်စစ်ရုံးက ညွှန်ကြားတာကို တပခ က ပြန်ညွှန်ကြားတဲ့ ကြေးနန်းစာမျိုး “ လို့ သူက ဆိုပါတယ်။

ဒီလိုလုပ်ဆောင်ဖို့ ညွှန်ကြားတာတွေဟာ စစ်ကောင်စီတပ်မှာ စစ်ရေးအရဆိုးဝါးတဲ့အခြေအနေတွေကို ရင်ဆိုင်နေရတာကြောင့်လို့ မကြာသေးမီကမှ CDM ပြုလုပ်လာတဲ့ အရာရှိတဦးကလည်း ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ရှမ်းမြောက်ဒေသမှာ စစ်စခန်းရာနဲ့ချီဆုံးရှုံးခဲ့သလို မြို့နယ် ၃ ခုထက်မနည်းကိုလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ထိန်းချုပ်ထားနိုင်တာပါ။

အလားတူ စစ်ကိုင်းအထက်ပိုင်းဒေသ ကောလင်း၊ ခမ်းပါတ်နဲ့ ပင်လည်ဘူးမြို့တွေကို ဒေသတော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး မကွေး တိုင်း၊ ဂန့်ဂေါမြို့နယ်မှာလည်း ရဲစခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံနေရတာ ဖြစ်ပါတယ်။

ပုံစာ - စစ်ခေါင်းဆောင် မင်းအောင်လှိုင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက် တပ်ရင်းတခုကိုသွားရောက်စဉ် (ပုံဟောင်း)။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကောင်စီ #ညွှန်ကြားချက် #တပခ #ပရိတ်ကြီး #ယတြာချေ #စစ်ရေး #အရေးနိမ့် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10