စစ်ရှောင်စာသင်ကျောင်းက ကလေးတွေကို ဗလာစာအုပ်ထောက်ပံ့ပြီး အာဟာရကျွေးမွေး

စစ်ရှောင်စာသင်ကျောင်းက ကလေးတွေကို ဗလာစာအုပ်ထောက်ပံ့ပြီး အာဟာရကျွေးမွေး

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်တောင်ပိုင်း စစ်ရှောင်စာသင်ကျောင်းတကျောင်းမှာ ကြားကာလပညာသင်ကြားနေတဲ့ ကလေးငယ်တွေကို ဇွန် ၁၉ ရက်က စာရေးကိရိယာတွေမျှဝေပေးပြီး အာဟာရဒါနပြုလုပ်ပေးခဲ့တယ်လို့ Lighthouse စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးတာဝန်ခံဆီက သိရပါတယ်။

စစ်ရှောင်ကျောင်းမှာ KG မှ G-7 အထိ ကျောင်းသားဦးရေ ၁၀၀ ခန့်ရှိပြီး ကျောင်းသုံးဗလာ စာအုပ် ၄၉ ဒါဇင်ကို ကလေး ၁ ဦးအတွက် ၅ အုပ်နှုန်းနဲ့ အလှူရှင်ကိုယ်စား Lighthouse စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ မျှဝေပေးခဲ့တာဖြစ်ပြီး ကုန်ကျစားရိတ် ၇ သိန်းခန့်ရှိခဲ့တယ်လို့ ဆိုပါတယ်။

"ကလေးငယ်တွေက အဆင်မပြေတာများပါတယ်။စာရေးကိရိယာဆိုလည်း ပြည့်စုံအောင်မရှိကြပါဘူး။ မိဘတွေက ကြုံရာကျပန်းအလုပ် လုပ်ကြသူတွေပါ။ထောက်ပံ့ကျွေးမွေးတဲ့အတွက် ဝမ်းသာရပါတယ်"လို့ Lighthouse စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးတာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန် ၁၈ ရက်ကလည်း စင်ကာပူနိုင်ငံမှအလှူရှင် မနီနီဆိုသူက စစ်ရှောင်ကလေးတွေ ဆရာ/မတွေနဲ့ ကျောင်းကော်မတီဝင်တွေအပါအဝင် လူဦးရေ ၁၂၀ ကျော်ကိုလည်း အာဟာရဒါနအဖြစ် ကြာဇံဟင်းခါးကျွေးမွေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ကလေးနယ်မှာဆိုရင် အဲ့ဒီကျေးရွာဟာ စစ်တပ်စစ်ကြောင်းထိုးတာ၊ စခန်းချနေတာကြောင့် စစ်ဘေးဒဏ်အစောဆုံးခံခဲ့ရသလို အိမ်ခြေ ၉၀ ခန့်မှာ လူဦးရေ ၄၀၀ နီးပါးရှိပြီး ကြုံရာ ကျပန်း အလုပ်တွေကိုလုပ်ကိုင်ရတဲ့အတွက် စားဝတ်နေရေး ခက်ခဲကြတယ်လို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ အဲ့ဒီရွာအနီးတဝိုက်ရှိ ကျေးရွာတွေမှာ ယခုအခါ နှမ်း၊ပြောင်းဖူး သီးနှံတွေ စိုက်ပျိုးနေကြရာ နေ့တဝက်လုပ် အားခ ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်ရတဲ့ ပေါင်းထိုး၊မြက်နှုတ် အလုပ်ကို လုပ်ကိုင်ရတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ရှောင်ကလေးတွေကို စာအုပ်များပေးအပ်ပြီး အာဟာရကျွေးမွေးနေစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #စစ်ရှောင် #ကျောင်း သားများ #ထောက်ပံ့ကျွေးမွေး #ကြားကာလပညာသင် #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10