စစ်ရှောင်စာသင်ကျောင်းတွေမှာ စာသင်ဆောင်နဲ့ ခုံတွေ လုံလောက်မှုမရှိ

စစ်ရှောင်စာသင်ကျောင်းတွေမှာ စာသင်ဆောင်နဲ့ ခုံတွေ လုံလောက်မှုမရှိ

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်းက စစ်ရှောင်ကျောင်းအချို့မှာ စာသင်ကျောင်းဆောင်အချို့ လိုအပ်နေတယ်လို့ ကူညီထောက်ပံ့ပေးနေတဲ့အဖွဲ့ဆီက သိရပါတယ်။

စာသင်ကျောင်းတွေမှာ ကျောင်းသား/ကျောင်းသူ အရေအတွက်ဟာ ရှိနေတဲ့စာသင်ဆောင်အရေအတွက်နဲ့ မလုံလောက်တာကြောင့် ကျောင်းဆောင်သစ်တွေ ထပ်ဆောက်ပေးဖို့လိုနေတာလို့ စစ်ရှောင်စာသင်ကျောင်း ၅ ကျောင်းကို ကူညီပေးနေတဲ့ ထောက်ပို့အဖွဲ့ တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။

"အစ်မတို့ မရောက်သေးတဲ့ ဒီစစ်ရှောင်စခန်းက စာသင်ကျောင်းတွေရှိသေးတယ်။ အစ်မတို့တောင်မှ မြေပြင်မှာဆိုပေမယ့် အစ်မတို့လုံးဝမရောက်ဖူးသေးဘူး။ ခုလို စာသင်ဆောင်တွေ လိုအပ်နေတဲ့ဆီက ဆက်သွယ်လာတယ်။ အစ်မတို့က အလှူငွေမရသေးတော့ မဆက်သွယ်ရသေးဘူး။" လို့ စစ်ကိုင်းအခြေစိုက် နွေဦးတမာန် တော်လှန်ရေးထောက်ပို့အဖွဲ့က တာဝန်ရှိသူ အမျိုးသမီး ၁ ဦးက ပြောပါတယ်။

လက်လှမ်းမီသလောက် စစ်ရှောင်စာသင်ကျောင်း အနည်းဆုံး ၅ကျောင်းလောက်မှာ စာသင်ဆောင်လိုအပ်ချက်ရှိနေပြီး စာသင်ခုံတွေလည်း လိုအပ်နေကြတာလို့ ဆိုပါတယ်။

ကျောင်းသား ၂၀၀ ကျော်ရှိတဲ့ စာသင်ကျောင်း ၁ ခုမှာ စာသင်နေတဲ့ တာဝန်ခံ ဆရာမ ၁ ဦးကလည်း "လိုအပ်ချက်တွေကတော့ အများကြီးပဲပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်ထူကိုယ်ထကျောင်းဖြစ်နေတာဆိုတော့ အစစအရာရာ လိုအပ်ချက်တွေရှိနေတာပေါ့။" လို့ ပြောပါတယ်။

အဲ့ဒီကျောင်းမှာ ကျောင်းသား/ကျောင်းသူ ၂၀၀ ကျော်ကို CDM ဆရာ ၂ ဦး ဆရာမ ၇ ဦးနဲ့ စာသင်ကြားပေးနေပြီး စာသင်ဆောင်သေး(ငယ်)တာကြောင့် အဆောင်အသစ်တွေလိုအပ်သလို သင်ထောက်ကူပစ္စည်းတွေလည်း လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

အရာတော်မြို့နယ်အတွင်းကို ဒီပဲယင်း၊ ပင်လည်ဘူးစတဲ့ စစ်ဖြစ်ပွားနေတဲ့ဒေသတွေက စစ်ရှောင်တွေလာရောက်ခိုလှုံနေကြတာဖြစ်ပြီး မြို့နယ်အတွင်းမှာလည်း ကျေးရွာပေါင်း ၁၅၅ ရွာရှိကာ NUG ကြားကာလ ပညာရေးလက်အောက်မှာ ၁၁၄ ကျောင်းထိ ရှိနေတယ်လို့ အရာတော်မြို့နယ် ပညာရေးဘုတ်အဖွဲ့ရဲ့ ၂၀၂၄ ဧပြီလ စာရင်းအရ သိရပါတယ်။

အရာတော်မြို့နယ်အတွင်းမှာ မြို့ပေါ်ရပ်ကွက်နဲ့ ပျူအင်အားကောင်းတဲ့ ရွာတွေကလွဲပြီး ကျန်ကျေးရွာတွေမှာ စစ်ရှောင်လာတဲ့ ကလေးတွေနဲ့အတူ စာသင်ကြားနေတဲ့ စာသင်ကျောင်းပေါင်း ၁၁၄ ကျောင်းအထိရှိကာ စစ်ရေးအရ စိတ်မချရတဲ့ကျေးရွာတွေကတော့ တောထဲမှာနေထိုင်စာသင်ကြားနေကြရတာတွေကြောင့် ကျောင်းဆောင်လိုအပ်ချက်တွေ ရှိနေတာလို့ ဆိုပါတယ်။

"ကျောင်းသားများတဲ့ ကျောင်းတွေမှာဆိုရင်တော့ တနေကုန် စာမသင်နိုင်ဘူး နေ့တဝက်စီ ခွဲသင်နေကြရတယ်။ ဒါကစာသင်ကျောင်းဆောင် လိုအပ်ချက်ကြောင့်ပေါ့။" လို့ အရာတော်မြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင် ဦးမျိုးဝင်းက မြေလတ်အသံကို ပြောပါတယ်။

ပေ ၂၀ x ၃၀ နဲ့ အမြင့် ၁၀၊ ၁၂ပေလောက်ရှိတဲ့ စာသင်ဆောင် ၁ ခုကို သိန်း ၃၀ ဝန်းကျင်ကုန်ကျပြီး ၁ ဆောင်ကို ၂ ကန့်ခွဲကာ စာသင်ကြတယ်လို့ ဆိုပါတယ်။

အရာတော်မြို့နယ်မှာ စာသင်ကျောင်းပေါင်း ၁၁၄ ကျောင်းနဲ့ ကျောင်းသားဦးရေ ၂၁,၁၆၁ ဦးရှိကာ မြို့နယ်အခွန်ကောက်ခံရရှိငွေကနေ စာသင်ကျောင်းအလိုက် ရန်ပုံငွေ ၅ သောင်းဆီ လစဥ်ခွဲတမ်းရရှိတယ်လို့ သိရပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#စစ်ကိုင်း #အရာတော် #စစ်ရှောင် #စာသင်ကျောင်း #ပညာရေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10