စစ်ရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းပေါ် လေယာဉ်နဲ့ ဗုံးကြဲလို့ ၈ လအရွယ်ကလေးနဲ့ အမျိုးသမီး ၂ ဦးသေ

စစ်ရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းပေါ် လေယာဉ်နဲ့ ဗုံးကြဲလို့ ၈ လအရွယ်ကလေးနဲ့ အမျိုးသမီး ၂ ဦးသေ

စစ်ကိုင်းမြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းပေါ်ကို စစ်ကောင်စီတပ်က ဩဂုတ် ၁၁ ရက် ဒီနေ့မနက်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၈ လသားအရွယ် ကလေးငယ် ၁ ဦးနဲ့အမျိုးသမီး ၂ ဦး သေဆုံးခဲ့တယ်လို့ ရွှေဘို ခရိုင်တပ်ရင်း (၁၈) လင်းယုန်စစ်ကြောင်းမှ ဗိုလ်လင်းယုန်က ပြောပါတယ်။
 
မြေပြင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဒီနေ့မနက် ၄ နာရီဝန်းကျင်လောက်မှာ တလိုင်းကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် စဉ့်ကိုင်ကျေးရွာကနေ လာရောက်စစ်ရှောင်နေတဲ့ ၈ လသားကလေးတဦး၊ ၂၃ နှစ်အရွယ် မိခင်တဦးနဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတဦးတို့ သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

"ပြည်သူတွေ အိပ်နေချိန် တလိုင်ရွာရဲ့ဘုန်းကြီးကျောင်းကို ဗုံးကြဲသွားတာ။ အဲကျောင်းမှာက စဉ့်ကိုင်ရွာက ပြည်သူတွေ စစ်ရှောင်နေကြတာ" လို့ ဗိုလ်လင်းယုန်က ဆိုပါတယ်။

အဲဒီလို လေယာဉ်နဲ့ ဗုံးကြဲပြီးနောက် မနက် ၈ နာရီကျော်မှာ ရှိန်းမကားကျေးရွာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်အင်အား ၈၀ ကျော်က တလိုင်ရွာကို ဝင်ရောက်တပ်စွဲပြီး ပိတ်မိနေတဲ့ ဒေသခံအမျိုးသား၊ အမျိုးသမီး ၅၀ နီးပါးကို ဖမ်းဆီးထားတယ်လို့ သူက ပြောပါတယ်။

သြဂုတ်လ ၁၀ ရက် မနေ့နေ့လယ်ကလည်း စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ အကြိမ်ကြိမ်ဝဲပျံမှုတွေရှိခဲ့တယ်လို့ စစ်ကိုင်းသတင်းမှန်ပြန်ကြားရေးဆီက သိရပါတယ်။

ပုံစာ - စစ်ရှောင်နေရသည့် တလိုင်းရွာသားများ။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #စစ်ရှောင် #စစ်တပ် #ဂျက်ဖိုက်တာ #ဗုံးကြဲ #ကလေး #လေကြောင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10