စစ်ရှောင်နယ်က တော်လှန်ရေးပရဟိတဆေးရုံ ၂ နှစ်ပြည့်ဘောလုံးပွဲပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်တောင်ပိုင်း စစ်ဘေးရှောင်နယ်မြေတခုမှာ ဖွင့်ထားတဲ့ ခဏတာအရိပ်ဆေးရုံ (Prometheus) ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဘောလုံးပြိုင်ပွဲပြုလုပ်ပေးခဲ့တယ်လို့ ဆေးရုံတာဝန်ခံဆီက သိရပါတယ်။

ဆေးရုံတည်ထောင်ခြင်း ၂ နှစ်ပြည့် ဘောလုံးပြိုင်ပွဲကို ဒေသခံပြည်သူတွေရဲ့ ဆန္ဒအရကျင်းပပေးခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်ကနေ ၂၂ ရက်အထိ ၁၁ ရက်အကြာ ပြုလုပ်ပေးခဲ့တာပါ။ 

ဘောလုံးပွဲစဉ်တွေကို နေ့စဉ် မနက်ပိုင်းနဲ့ ညနေပိုင်းတွေပြုလုပ်ပေးခဲ့ပြီး ဒီလိုပြုလုပ်ပေးတာဟာ စိတ်ဓာတ်ခွန်အားရစေချင်တဲ့ရည်ရွယ်ချက်နဲ့ လုပ်ပေးခဲ့တာလို့ ဆိုပါတယ်။ 

ဘောလုံးပြိုင်ပွဲမှာ အမျိုးသားအကြီးတန်းပြိုင်ပွဲအတွက် ၄ သင်း၊ အမျိုးသားအငယ်တန်းပြိုင်ပွဲအတွက် ၃ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲ ၂ ခုစလုံး အုပ်စုပတ်လည်စနစ်နဲ့ကစားခဲ့ကာ အမှတ်အများဆုံးအသင်းကို ပထမအဖြစ် သတ်မှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

ဒီပြိုင်ပွဲမှာ တော်လှန်ရေး ရဲဘော်ရဲမေတွေ၊ဆေးရုံဝန်ထမ်း ဆရာဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေ၊ စစ်ရှောင်မိသားစုတွေထဲက လူကြီး၊လူငယ်တွေသာမက အိမ်ထောင်သည် အမျိုးသားနဲ့အမျိုးသမီးတွေလည်း ပျော်ရွှင်စွာဝင်ရောက်ကစားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဘောလုံးပြိုင်ပွဲမှာ ပထမ၊ ဒုတိယ ရရှိခဲ့တဲ့အသင်းတွေကို ဆုဖလားနဲ့ငွေသားတွေချီးမြှင့်ခဲ့သလို တခြားအသင်းတွေအတွက်လည်း ဆုတံဆိပ်နဲ့ မုန့်ပဲသွားရည်စာမျိုးစုံကို လူငယ်တွေပျော်ရွှင်အောင် ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲအပြီးမှာ "တော်လှန်ရေးကြီး အောင်ရမည်" ဟု ၃ ကြိမ်တိုင်တိုင် သံပြိုင်ဟစ်ကြွေးခဲ့ကြတယ်လို့ ဆေးရုံတာဝန်ခံက ပြောပါတယ်။

စစ်ရှောင်နယ်မှာဖွင့်ထားတဲ့ ခဏတာအရိပ်ဆေးရုံ (Prometheus) ဟာ ဆရာဝန်၊ ဆရာမ၊ သူနာပြု၊စေတနာ့ဝန်ထမ်း ၁၅ ဦးကျော်နဲ့ ဆေးဝါးကုသပေးနေတာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ရောဂါဝေဒနာမျိုးစုံခံစားနေရတဲ့ ပြည်သူ ၆,၀၀၀ ကျော်ကိုဆေးကုသပေးနိုင်ခဲ့ကာ ၂၀၂၄ ခုနှစ်မှာတော့ လူနာပေါင်း ၇,၀၀၀ ထက်မနည်း ဆေးဝါးကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ကလေး #စစ်ရှောင်နယ် #တော်လှန်ရေး #ပရဟိတဆေးရုံ #၂နှစ်ပြည့် #ဘောလုံးပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10