စစ်ရှောင်နဲ့ ရိက္ခာအတွက် သီးနှံတွေကို PDF ရဲမေတွေက တိုက်ပွဲနားချိန်မှာ စိုက်ပျိုးနေ

စစ်ရှောင်နဲ့ ရိက္ခာအတွက် သီးနှံတွေကို PDF ရဲမေတွေက တိုက်ပွဲနားချိန်မှာ စိုက်ပျိုးနေ

မကွေးတိုင်း၊ မင်းဘူးခရိုင်အမှတ်-၁၊ တပ်ရင်း -၁ ၊ SLlN PDF ရဲမေတွေက ရှေ့တန်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေသလို၊ နောက်တန်းစခန်းမှာ ကျန်နေတဲ့အချိန်မှာလည်း သီးနှံစိုက်ခင်းတွေ စိုက်ပျိုးနေတယ်လို့ သိရပါတယ်။

တပ်ဖွဲ့တွင်း စားနပ်ရိက္ခာဖူလုံဖို့နဲ့ စစ်ရှောင်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့ ရည်ရွယ်ပြီးစိုက်ဖြစ်ခဲ့တာလို့ မေလ ၁ ရက်နေ့က မြေလတ်အသံကို ပြောပါတယ်။

"ကျနော်တို့ စိုက်ခင်းလုပ်ဖြစ်တာက ၆ လလောက် ရှိပါပြီ။ တပ်ရင်းရဲ့ရိက္ခာအတွက်နဲ့ စစ်ရှောင်ပြည်သူတွေကို ထောက်ပံပေးဖို့ စိုက်တာပါ။ ရှေ့တန်းလည်း ထွက်လိုက်ပါတယ်။နောက်တန်းမှာ ကျန်တဲ့အချိန် စိုက်ခင်းမှာ ရေလောင်းပေါင်းသင်တာ အသီးအနှံတွေ ခူးတာနဲ့တခြားလိုအပ်တာတွေ လုပ်ကြပါတယ်" လို့ ရဲမေတပ်စိပ်မှူး ဗိုလ်ဇာနည် က ပြောပါတယ်။

အဲဒီစိုက်ခင်းကို ရဲဘော်ရဲမေတွေ မနက်ခင်းနဲ့ ညနေခင်းပိုင်းတွေမှာ ဝိုင်းဝန်းလုပ်ကိုင်နေကာ စိုက်ခင်းအတွက် လိုအပ်တဲ့ရေကိုတော့ ချောင်းနားထိ မိနစ်၂၀ နီးပါးလမ်းလျှောက် ရေသယ်ပြီး လောင်းရတယ်လို့ ဆက်ပြောပါတယ်။

စိုက်ခင်းမပျက်စီးအောင် မြေသြဇာကျွေးတာ ဆေးဖြန်းတာ ပေါင်းဆွတာတွေကို ရဲမေတွေက တပျော်တပါးနဲ့ လုပ်ကိုင်နေရတာကို ကျေနပ်ကြည်နူးနေတယ်လို့ ဆိုပါတယ်။

"တော်လှန်ရေးထဲဝင်လာကတည်းက ဒီတပ်ဖွဲ့မှာ ကလေးတွေချည်းပဲလေ။ ကျနော်ရဲ့သား သမီးတွေလို သဘောထားတယ်။ ချက်ပြုတ်ကျွေးမွေးတယ်။ ချက်ရပြုတ်ရတာကိုပဲ စိတ်ထဲ ကျေနပ်မိတယ်။ မိသားစုတွေနဲ့ ခွဲနေရပေမယ့်အဲဒါလေးတွေနဲ့ဖြေသိမ့်နေပါတယ်" လို့ ရဲမေဗိုလ်ဇာနည် က ပြောပါတယ်။

စလင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့ရဲ့ စိုက်ခင်းမှာ ချဥ်ပေါင်၊ ပဲသီး၊ မုန်လာ၊ ခရမ်းသီး၊ ခရမ်းချဥ်၊ ဂေါ်ဖီထုပ် သီးနှံတွေစိုက်ပျိုးထားတာဖြစ်ပြီး၊ ကင်းပွန်းခြုံ၊ ချောင်းစုံ၊ ဘာလကျေးရွာသုံးရွာက စစ်ရှောင်ပြည်သူတွေကို စိုက်ခင်းက ထွက်တဲ့သီးနှံတွေကို ပေးပို့ထောက်ပံ့ဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လ ၂၈ နေ့က စစ်ကောင်စီတပ်ဖွဲ့တွေ မီးရှို့လို့ နေအိမ် ၁၃၈ လုံးဆုံရှုံးခဲ့ရတဲ့ ကင်မွန်းခြုံရွာဒေသခံစစ်ရှောင်တွေ နေထိုင်ဖို့ တဲတန်းလျားတွေ ဆောက်လုပ်ပေးနေသလို စစ်ရှောင်လူ ၄၀၀ နီးပါးကို နေ့စဥ်ကျွေးမွေးတာ၊ နေထိုင်မကောင်းဖြစ်နေသူတွေကိုလည်း ကျန်းမာရေးနဲ့ ပတ်သက်လို့ စောင့်ရှောက်တာတွေကိုလည်း ကူညီလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စာတည်း - 007

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10