စစ်ရှောင်ရင်း ကျောင်းတက်နေရတဲ့ ကလေးတွေအတွက် စုံညီပွဲတော်ကျင်းပပေး

စစ်ရှောင်ရင်း ကျောင်းတက်နေရတဲ့ ကလေးတွေအတွက် စုံညီပွဲတော်ကျင်းပပေး

စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတရွာမှာ  စစ်ရှောင်ကလေးတွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း ၆ ကျောင်းထဲက ကျောင်းသားဦးရေအများဆုံးဖြစ်တဲ့ ၆ ကျောင်းမြောက်မှာ ကျောင်းသား၊ မိဘစုံညီပွဲတော်ကို ဇန်နဝါရီလ ၁၉ ရက်က ကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။

Covid ကာလ နဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျောင်းသား၊ ကျောင်းသူ၊ မိဘ၊ ဆရာ၊ ဆရာမတွေအနေနဲ့ အခုလိုပျော်ပွဲရွှင်ပွဲမျိုးမကျင်းပရတာ ကြာပြီဖြစ်တဲ့အတွက် အခက်အခဲများစွာထဲက အောင်မြင်အောင်ကျင်းပပေးနိုင်ခဲ့တယ်လို့လည်း S & C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ခံ ကိုစိုးမိုးအောင်က မြေလတ်အသံကို ပြောပါတယ်။

“တကယ်တော့ ကျနော်တို့က ကျောင်း ၆ ကျောင်းဖွင့်ပွဲနဲ့ ပညာရေးစုံညီပွဲကို ဆက်တိုက်လုပ်ဖို့ ချိန်ထားတာ။ အခက်အခဲနည်းနည်းပါးပါးရှိတဲ့အတွက် နောက်ကျသွားတာပါ။ အခုလိုပွဲကျင်းပပေးရတာကလည်း ကျောင်းမှာ အဲလိုစုံညီပွဲတွေ မရှိခဲ့တာကြာပြီ။ အဲဒါကြောင့် အခက်အခဲကြားကနေ ဖြစ်အောင်လုပ်ပေးခဲ့တာပါ” လို့ ဆိုပါတယ်။

ကျောင်းသားမိဘ စုံညီပွဲမှာ ဆရာ၊ ဆရာမတွေက ကလေးတွေကို အားကစားပြိုင်ပွဲ၊ အဆိုအကပြိုင်ပွဲတွေနဲ့ ပညာရေးထူးချွန်ဆုတွေကိုလည်း ချီးမြှင့်ပေးခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

“မနက်ပိုင်းမှာ အားကစားပြိုင်ပွဲတွေ လုပ်တယ်။ ကျောင်းသူ၊ သားတွေရဲ့ ကပြဖျော်ဖြေပွဲတွေ၊ တေးသရုပ်ဖော်တွေ လာရောက်ကြတဲ့ မိဘပြည်သူတွေကို ဖျော်ဖြေပေးတယ်။ ဆုပေးပွဲအနေနဲ့ကတော့ သူတို့လေးတွေအတွက် ကျောင်းသုံးပစ္စည်းတွေ၊ ကလေးအတွက် မုန့်ဖိုးလေးတွေ ကျတော်တို့တတ်နိုင်သလောက် ဆုတွေလုပ်ပေးတယ်” လို့လည်း ဆိုပါတယ်။

S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဇန်နဝါရီလထဲမှာ စစ်ကိုင်းမြို့နယ်ထဲမှာရှိတဲ့ စစ်ရှောင်ကလေးတွေအတွက် စာသင်ကျောင်း ၆ ကျောင်းကို ဖွင့်လှစ်ပေးခဲ့ပြီ ဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10