စစ်ရှောင်အမျိုးသမီး ၂ ဦး ၂ ရက်ဆက်တိုက် မြွေကိုက်ခံရ

စစ်ရှောင်အမျိုးသမီး ၂ ဦး ၂ ရက်ဆက်တိုက် မြွေကိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်က စစ်ရှောင်အမျိုးသမီး ၂ ဦးဟာ ၂ ရက်ဆက်တိုက် မြွေကိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ကိုးတောင်ဘို့တိုက်နယ်အစပ် စစ်ရှောင်တဲမှာနေထိုင်တဲ့ အသက် ၅၈ နှစ အရွယ် အမျိုးသမီးတဦးဟာ ဖေဖော်ဝါရီ ၂ ရက်မနေ့ကနေလယ် ၁၂ နာရီကျော်လောက်မှာ နွားသွားလှန်ရင်းကိုက်ခံရတယ်လို့ ဆိုပါတယ်။
 
အလားတူ ဖေဖော်ဝါရီ ၃ ရက် ဒီနေ့မနက် ၁၂ နာရီလောက်မှာပဲ စစ်ရှောင်တဲမှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးဟာလည်း ကြံဖတ်လှန်းနေစဉ်မှာ မြွေကိုက်ခံရတယ်လို့ စစ်ရှောင်ကူညီသူတဦးက မြေလတ်အသံကိုပြောပါတယ်။
 
“မနေ့ကအမျိုးသမီးက ကျွဲ၊ နွားတွေသွားလှန်ရင်းပိုးထိသွားတယ်။ သူ့ကိုကိုက်လိုက်တဲ့ ကောင်ကတော်တော်ကြီးတာ၊ အဲဒါကြောင့် သူ့ကို BPI မြွေဆိပ်ဖြေဆေးခြောက်လုံးနဲ့ အိန္ဒိယမြွေဆိပ်ဖြေဆေး ၄ လုံး စုစုပေါင်း ၁၀ လုံးထိုးထားပေးတယ်။ ဒီမနက်ကိုက်ခံရတဲ့ အမျိုးသမီးကလည်း ၈၀ ရာခိုင်နှုန်းလောက်က သက်သာလာပါပြီ” လို့ ဆိုပါတယ်။
 
ကိုးတောင်ဘို့ တိုက်နယ်ဆိုတာဟာ ကန့်ဘလူမြို့နယ်ထဲက တိုက်နယ် ၈ ခုထဲက တခုဖြစ်ပြီး ကိုးတောင်ဘို့တိုက်နယ်မှာတော့ ကျေးရွာစုစုပေါင်း ၂၃ ရွာ နဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။
 
ယခင်လပိုင်းတွေမှာတော့ စစ်ဘေးရှောင်ပြည်သူတွေကို မြွေအန္တရာယ်ကာကွယ်ဖို့နဲ့ပတ်သက်ပြီးလိုက်လံ ဆွေးနွေးနိုင်ပေမဲ့လည်း နောက်ပိုင်းမှာတော့ စစ်ရှောင်ဦးရေတိုးလာတဲ့အပြင် လိုက်လံဟော်ပြောပေးဖို့ကလည်း အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။
 
အခုလက်ရှိအချိန်မှာစစ်ရှောင်ဦးရေ တိုးလာတာကြောင့် စစ်ရှောင်တွေအတွက် ဆေးဝါး နဲ့ စွပ်ဖိနပ်တွေလိုအပ်နေကြောင်းကိုလည်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
 
“ဆေးဝါးရရှိဖို့ ခက်ခဲသလို ၊ ဆေးဝါးဝယ်ဖို့ ငွေကြေးတွေကလည်းခက်ခဲပါတယ်။ စစ်ရှောင်တွေက စားဖို့သောက်ဖို့ခက်ခဲတာကတပိုင်း၊ အခုလိုဆေးဝါးတွေထပ်ပြီးလိုအပ်တော့ ပိုခက်ခဲသွားတာပေါ့၊ မြွေတွေကအဓိက သီးနှံစိုက်ပျိုးတဲ့အချိန်နဲ့ သီးနှံရိတ်သိမ်းတဲ့အချိန်တွေပိုထွက်ပါတယ်။ စစ်ရှောင်တွေတိုးလာတဲ့အတွက် မြွေအန္တရာယ်ပိုပြီး ဂရုစိုက်ရမယ်” လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ကိုးတောင်ဘို့တိုက်နယ်ထဲကအသက် ၃၅ နှစ်အရွယ် အမျိုးသမီးတဦး မြွေကိုက်မှုဖြစ်ပွားခဲ့ပါသေးတယ်။
 
၂၀၂၁ ခု ၄ လပိုင်းကနေ ၂၀၂၃ ခုနှစ်အထိမြွေကိုက်ခံရသူ ကိုးတောင်ဘို့တိုက်နယ်နဲ့ အခြားရွာနားနီးစပ်က ဒေသခံပြည်သူ ၄၇ ဦးရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10